ယနေ့ ချန်းနိုင်ငံတွင် မင်းသမီး ဆူယောင်းကို မိဖုရားမြှောက်မည့်နေ့ ဖြစ်သည်။ လွန်ခဲ့သည့်ရက်ပိုင်းကတည်းက မင်းသမီးဆူယောင်းနှင့် မင်းသမီး၏ အစ်ကိုတော်တို့ နန်းတွင်းကိုရောက်နေခဲ့သည်။ အရှင်ချန်းယောလ်က ခရီးကရောက်ရောက်ချင်း တစ်ကြိမ်သာ ခရီးဦးကြိုပြုခဲ့ပြီး ကျန်သည့်အချိန်များတွင်တော့ မင်းသမီးဆူယောင်းနှင့် စကားစမြည်ပြောခြင်းပင် မပြုလုပ်ခဲ့။ နေကောင်းပြီးကာစ အရှင့်ဧကရီနားတွင်သာ အားလပ်ချိန်ရတိုင်း အဖော်ပြုနေခဲ့ပြီး မိဖုရားမြှောက်ဖို့ကိစ္စကိုတော့ နန်းတွင်းမှ တာဝန်ရှိသူများကိုသာ လက်လွှဲထားသည်။
"အရှင် မိဖုရားမြှောက်ပွဲအတွက် အဝတ်အစား ပြင်ဆင်ချိန်တန်နေပါပြီ"
မနက်မိုးလင်းသည်အထိ ဧကရီအဆောင်ကနေ ထွက်ခွာခြင်းမပြုသေးသော အရှင့်ကို ဂျောင်ဆူးက မနေနိုင်စွာ သတိပေးရသည်။ လက်ဆက်ဖို့ သဘောတူထားပြီးမှ အရှင်က မိဖုရားလောင်းကို ပစ်ပယ်လွန်းရာကျနေသည်။
အရှင့်စိတ်ကို နားလည်သော်လည်း ဂျောင်ဆူးက မင်းသမီး ဆူယောင်းကို မြင်မိတိုင်း မင်းသမီး ဆူမြောင်ကို သတိရမိသည်။ အခြားတိုင်းပြည်တစ်ခုကိုရောက်နေခဲ့ပြီး တိုင်းပြည်ရှင်က အလေးပေးမှုကို မခံရသည့် မင်းသမီးဆူယောင်းက ဘယ်လောက်အားငယ်နေလိုက်မည်လဲ။ အကယ်၍များ အရှင်ချန်းယောလ် လန်နိုင်ငံကို လာခဲ့သည့် ကနဦးရည်ရွယ်ချက်အတိုင်း ဆူမြောင်မင်းသမီးကို ကြင်ယာတော်မြှောက်ဖို့ ခေါ်ဆောင်သွားခဲ့လျှင်လည်း သည်လိုပဲ ပစ်ထားဦးမည်လားဟု တွေးမိတိုင်း သူ့စိတ်နှလုံးမှာ နာကျင်ရသည်။ နိုင်ငံရဲ့ မင်းသမီးက နိုင်ငံရဲ့ ရတနာပဲဖြစ်သောကြောင့် ရောက်လေရာနေရာမှာ တန်ဖိုးထားမှုခံရဖို့ ထိုက်တန်ပါသည်။
"အရှင်..."
ဂျောင်ဆူးစကားကို ဂရုမစိုက်ဟန်ဖြင့် ထိုင်နေသော အရှင့်ကို နောက်တစ်ကြိမ်သတိပေးတော့မှ အရှင်က ထိုင်နေရာမှ ထ လာသည်။
"ကိုယ်တော် အဆောင်ကို ပြန်ရတော့မှာပေါ့"
"အရှင်က မပြန်ချင်လို့လား
ကျွန်တော်လည်း ပွဲတက်ဖို့ ပြင်ဆင်ရဦးမယ်"