👑 18

231 41 7
                                    

ယနေ့ နန်းတွင်းအမတ်များနှင့် ညီလာခံလုပ်ပြီးသည့်နောက်တွင် အရှင်ပတ်ချန်းယောလ်က အကြီးအကျယ် ဒေါသထွက်လို့နေသည်။ အကြောင်းကား နောက်ထပ် မိဖုရား တင်မြှောက်ရန် လျှောက်တင်နေကြသည့် အမတ်များကြောင့်ဖြစ်သည်။ ရှင်ဘုရင်ဖြစ်လာလျှင် လိုအပ်ချက်အရ မိဖုရားများ မြှောက်စားရမည်ကို သူလက်ခံသော်လည်း သူက အခုမှ လောလောလတ်လတ် နန်းတက်ထားသည့် အရှင်ဖြစ်သည်။ ပုလ္လင်ပင် ပူအောင် မထိုင်ရသေးဘဲ နောက်ထပ် မိဖုရားမြှောက်ဖို့ဆိုတာ မလိုအပ်သေးဟု သူထင်သည်။ ဧကရီဆီကနေ မေတ္တာပင်ပြန်မရသေးဘဲ သူ့အနားမှာ နောက်ထပ် မိန်းမငယ်တစ်ယောက် ထပ်ပြီးရှိနေမှာမျိုးကို သဘောမကျပါ။

ထိုကဲ့သို့ မိဖုရားမြှောက်ရန် လျှောက်တင်ကြသူများက သူ့ဘက်သားမဟုတ်သော အမတ်များပင်ဖြစ်ကြောင်း သူကောင်းကောင်းသိလို့နေသည်။ မင်းတစ်ပါးအနေနဲ့နန်းလွှဲယူပြီးသည့်အခါမှ ရှင်းလင်းရန် လုပ်ထားသည့် အညစ်အထေးများကို စတင်ရှင်းလင်းဖို့ အချိန်တန်လာပြီဟု သူ့စိတ်ထဲ နားလည်လိုက်သည်။ သို့သော် နန်းတွင်းမှာပင်အနားယူလျက်ရှိနေသေးသော ခမည်းတော်နှင့် အစ်ကိုတော်ကို ထောက်ထားသောအားဖြင့် သူက ကိစ္စများကို သိုသိပ်စွာ ကိုင်တွယ်ဖို့ စီစဉ်ရဦးမည်ဖြစ်သည်။

နန်းတွင်းသို့ ကြင်ယာတော်ကို စတင်ခေါ်ဆောင်လာသည့်အချိန်မှစ၍ နန်းတက်သည့်အချိန်အထိ ကြင်ယာတော်အနားမှာရှိနေတတ်သော လူစိမ်းများ၊ ကြင်ယာတော် ညဘက် ကြောက်လန့်တကြားနိုးလာအောင်အထိ မကောင်းတဲ့ပညာတွေနဲ့ စီမံထားသူများကိုလည်း ထိုက်သင့်သည့် အပြစ်ဒဏ်ပေးရမည်။

"ဒီတစ်ခါကိစ္စနဲ့တစ်ပြိုင်တည်း အစ်ကိုတော် မျက်စိကွယ်ရတဲ့ကိစ္စကိုပါ ဖော်ထုတ်ဖို့ ဆုံးဖြတ်ထားတယ်
ဘယ်သူ့လက်ချက်လဲဆိုတာ ရိပ်မိနေပြီးသားမို့လို့ ကိုယ်တော်ဖော်ထုတ်ချင်တယ်"

"အရှင့်ဆန္ဒအတိုင်းဖြစ်အောင် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားဆောင်ရွက်ပေးပါမယ် ဒါပေမဲ့အရှင်...."

အရှင်က ကိုယ်ရံတော်ဂန်ကိုကြည့်ကာ ဆက်ပြောရန် မျက်နှာရိပ်ပြသောကြောင့် ကိုယ်ရံတော်က သူ့အတွေးကို မဝံ့မရဲ လျှောက်တင်သည်။

THE EMPRESSWhere stories live. Discover now