ချန်းနိုင်ငံ၏ အရှင်မင်းမြတ်က နန်းတက်ပွဲကို အလျင်အမြန် ကျင်းပရန် ရက်သတ်မှတ်ခဲ့သည်။ ထိုရက်မတိုင်မီတွင် တိုင်းပြည်တစ်ခုလုံး အထူးသဖြင့် အရှင်တို့စံမြန်းရာ နန်းတွင်းတစ်ခုလုံး အလုပ်တွေများကြသည်။ ပွဲကို ခမ်းခမ်းနားနားပြင်ဆင်ရန်နှင့် တစ်တိုင်းပြည်လုံးကို လူစေ့ အစားအသောက်ကျွေးမွေးရန်၊ မိသားစုတိုင်းကို စားနပ်ရိက္ခာများထောက်ပံ့ရန်၊ ပညာသင်ယူရာနေရာများကို စာရွက် စုတ်တံ၊ မင်အိုးတွေ နှင့် ကျောင်းဝတ်အထည်အလိပ်များထောက်ပံ့ရန်ဖြစ်သည်။ ထိုသို့ လိုအပ်နေသည့်နေရာများနှင့် တိုင်းပြည်သားများအားထောက်ပံ့ခြင်းကို ဦးဆောင်သည့်သူက ကြင်ယာတော်ဆူးဖြစ်သည်။ လက်ဆက်ပွဲအတွက် အနယ်နယ်အရပ်ရပ်က ဆက်သလာသည့် တန်ဖိုးကြီးလက်ဆောင်များကို ငွေစနှင့်လဲလှယ်ကာ တိုင်းပြည်ရှိ ပြည်သူများအား ကူညီရန် ဆုံးဖြတ်ခဲ့ခြင်းကို မင်းသားကရော အရှင်ကပါ လက်ခံသည့်အပြင် သူ့စိတ်ကူးအတိုင်းအကောင်အထည်ဖော်နိုင်အောင်လည်းဆောင်ရွက်ပေးခဲ့သည်။
တိုင်းပြည်နီးချင်းများဆီမှ လက်ဆောင်ဆက်သမှုတွင် လန်နိုင်ငံလည်းပါဝင်ခဲ့သည်။
ကြင်ယာတော်က အခြားတိုင်းပြည်မှ ဆက်သလာသမျှကို ချက်ချင်းပင် ငွေစနှင့်တန်ကြေးပေးကာ လဲလှယ်သင့်သည်ကို လဲလှယ်ခဲ့သော်လည်း လန်နိုင်ငံမှ ပို့သသည့်
လက်ဆောင်ထုပ်ကိုမူ ဖွင့်ဖောက်ခြင်းမပြုဘဲ နန်းဆောင်တွင်း သိမ်းဆည်းလို့ထားသည်။
မင်းသားချန်းယောလ်က အရာရာကို ကြင်ယာတော်စိတ်ကူးအတိုင်းဖြစ်စေခဲ့သော်လည်း ထိုကဲ့သို့ လန်နိုင်ငံ၏ လက်ဆောင်ကို လျှို့ဝှက်စွာ သိမ်းဆည်းခြင်းအပေါ် စိတ်မကြည်မသာဖြစ်လို့နေသည်။ ကြင်ယာတော်ကတော့ မင်းသားစိတ်ကို မမြင်ဘဲ သူ့လုပ်ငန်းဆောင်တာတို့ဖြင့်သာပျော်ပါးလို့နေသည်။"ကြင်ယာတော် အိပ်ဆောင်မဝင်သေးဘူးလား"
နန်းဆောင်ထဲမှာ နောက်ရက်အတွက် စားနပ်ရိက္ခာထောက်ပံ့ရန် စာရင်းများကို စစ်ဆေးသည့် ကြင်ယာတော် အနားကိုရောက်လာသည့် မင်းသားချန်းယောလ်က
ကြင်ယာတော်၏ ပခုံးစွန်းလေးပေါ် မေးတင်လျက် ပြောလိုက်ခြင်းဖြစ်သည်။