👑 10

230 48 1
                                    

လက်ထဲရှိ တလက်လက်ထနေသော ဓားရှည်ကိုကြည့်ပြီး ဂျောင်ဆူးသဘောကျနေသည်။
သူကိုင်ခဲ့ဖူးသော ဓားများထက် အဆပေါင်းများစွာ အရည်အသွေးကောင်းပြီး လှပသော ဓားသည် မင်းသားပတ်ချန်းယောလ်၏ ရှေ့တန်းတပ်ဖွဲ့များ ကိုင်ဆောင်သည့် ဓားဖြစ်သည်။ ဓားအသွားမှာ ခတ်နှိပ်ထားသည့် အသားတံဆိပ်နှင့်  ဓားရိုးက တပ်ဖွဲ့နာမည်ပါသည့် ဓားကောင်းတစ်လက်ဖြစ်သည်။
ရှေ့တန်းတပ်ဖွဲ့ဝင်ဖြစ်ရန် မလွယ်ကူသလို ထိုဓားကိုကိုင်ဆောင်ရဖို့လည်း မလွယ်ကူသောကြောင့် ချန်းနိုင်ငံ၏ တန်ဖိုးကြီးရတနာဟု ပြော၍လည်းရသည်။

မင်းသားချန်းယောလ် ချီးမြှင့်မှုနဲ့ ဓားကောင်းတစ်လက်ကို ကိုင်ဆောင်ခွင့်ရထားသည့် ဂျောင်ဆူးက ဓားကို လက်နှစ်ဖက်နှင့် ကိုင်မြှောက်ကာ ဓားရေးလေ့ကျင့်ရန် သွေးပူအောင် ပြင်ဆင်လို့နေသည်။ သူ့ရှေ့တွင်ရှိနေသော ကောက်ရိုးစည်းများကို အပိုင်းပိုင်းပြတ်အောင် ခုတ်ဖြတ်ပြီးနောက် သူက ဓားအသွားကို အတော်လေးသဘောကျကာ လက်နဲ့ပွတ်သပ်ကြည့်နေရင်း သူ့အနောက်နားက ရိပ်ခနဲ လှုပ်ရှားမှုတစ်ခုကို သတိထားလိုက်မိသည်။

သူရှိနေသည့်နေရာက အဆောင်၏ အနောက်ဘက်ခြမ်းက မြေနေရာကျယ်ကျယ်တစ်ခုဖြစ်ပြီး လူအသွားအလာမရှိသည့်နေရာဖြစ်သည်။ ကြင်ယာတော် ဓားရေးလေ့ကျင့်ချိန်တွင် မည်သူမှ အနှောက်အယှက်မပေးရဆိုသည့် မင်းသားအမိန့်ကြောင့် သူ့အနီးအနားတွင် မည်သူမျှလည်းရှိမနေ။ အမြဲသတိနှင့်နေတတ်သောကြောင့် အနီးအနားက လှုပ်ရှားမှုတိုင်းကို သူ သေချာသတိထားမိသည်။ ဟန်မပျက်ဆက်ပြီး ဓားကိုကြည့်နေဟန် ပြုနေသော်လည်း သူ့အကြားအာရုံက တစ်လှမ်းချင်းတိုးလာသည့် ခြေလှမ်းတိုင်းကို ရေတွက်လို့နေခဲ့သလို ဓားအသွားပေါ်က သူ့လက်တစ်ဖက်ကလည်း နောက်လက်တစ်ဖက်နှင့်အတူ ဓားလက်ကိုင်ရိုးပေါ်သို့ ရောက်နှင့်နေပြီဖြစ်သည်။

သူနှင့်လက်တစ်ကမ်းအလိုလောက်အထိ ခြေလှမ်းတိုးကပ်လာသည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်ကို နောက်သို့လှည့်ကာ ဓားနှင့် ရွယ်လိုက်သည်။ ရန်သူလား တခြားသူလား သေချာမသိရသောကြောင့် ထိခိုက်သွားအောင် ပြုမူတာမျိုးမဟုတ်ဘဲ ချက်ကောင်းကို ချိန်လိုက်ခြင်းသာဖြစ်သည်။ ဓားနဲ့ချိန်လိုက်ပြီး တစ်ဖက်လူရဲ့ မျက်နှာကိုသေချာမြင်မှ သူအံ့ဩသွားပြီး ဓားကို ပြန်ရုတ်လိုက်သည်။

THE EMPRESSWhere stories live. Discover now