"မြို့က အလှူရှင်တွေလာပြီဟေ့"
ဘယ်သူအော်လိုက်မှန်းမသိ ဘုန်းကြီးကျောင်းဝင်းထဲမှာဆော့ကစားနေကြတဲ့ ကလေးတသိုက် အပြေးအလွှား ကျောင်းရှေ့ရောက်လာကြ၏။
ထိုအထဲမှာ ချမ်းမြေ့အောင်တင်လည်းပါ၏။
ရှေ့နောက်တညီထဲ ဆံရစ်ဝိုင်းပုံစံကေသာသည် သူတို့အညာဒေသတွင် ကလေးများအကြား ခေတ်စားသော ဆံပင်ပုံဖြစ်၏။ နွေရာသီမို့
ကျောင်းပိတ်ရက်ဖြစ်သည့်အလျောက် အေးချမ်းပြီးအရိပ်ကောင်းသော ဘုန်းကြီးကျောင်းတွင် ကလေးများစုဝေး ကစားကြ၏။" ကားတွေအများကြီးပဲဟ"
နှာရည်လေးတရှုံ့ရှုံ့ဖြင့် ချစ်စမ်းမောင်က အားရဝမ်းသာပြောလာ၏။
အမှန်လည်း ကားလေးစီးခန့် လာတာဖြစ်၏။
ရွာအနီးအနား ကားလမ်းရှိသည်မို့ ထူး၍ ကားကိုစိမ်းသက်မနေပါသော်ငြား မြင်တော့လည်း တိုးဝှေ့စပ်စုချင်ကြ၏။ မြို့ကလာသော မြို့သူမြို့သားတို့သည်
သူတို့နှင့် အသွေးအမွှေးကအစ တူညီသည်မဟုတ်။ကလေး သုံးလေးယောက် ပါပေမဲ့ ခပ်တည်တည်
ရုပ်တွေရှိတဲ့အပြင် အသက်ကလည်း သူတို့နှင့် ကွာတာမို့ အတော်အသင့် လှမ်းမစရဲကြပေ။
မဟုတ်ရင် ပေါက်ကျော် မျောက်လောင်းလေးတွေဟု အမည်တပ်ခံရတဲ့ သူတို့အဖွဲ့သည် မျက်နှာပိုးက သေလှသည်မဟုတ်။" မကြင်ရေ ကလေးတွေ အများကြီးပဲပါ့လား။
စားစရာ တစ်ခုခု ဝေငှပေးလိုက်ပါဦး "ဒုတိယကားက ထွက်လာတဲ့အန်တီကြီးကြောင့်
ကလေးတွေအကုန်လုံး မျက်လုံးများတောက်ပ ကုန်သည်။ရွာမှာဆို ပိုက်ဆံရှိတဲ့အဒေါ်ကြီးတွေ ဝတ်နေကြ
ဝါဝါဝင်းဝင်း ရွှေဆွဲကြိုး နှင့် အရောင်မတူညီစွာ ဝတ်ဆင်ထားသော လက်ဝတ်ရတနာများမှာ ထူးကဲ စွာ ဖြူလဲ့လဲ့ ရှိ၏။ဆွဲကြိုးဆိုလည်း အဖြူရောင်။
ဆွဲသီးနီနီ ကိုလည်း အဖြူရောင်ဖြင့် ဘောင်ခတ် ဝတ်ထားသလို လက်စွပ်၊လက်ကောက်ဟူလည်း အဖြူရောင်လဲ့လဲ့ ရှိနေကြပြန်သည်။အပျိုကြီး မခင်စိန် ထူထဲစွာ ဝတ်သည်ကို လှသည်ထင်ခဲ့ပေမဲ့ ယခုမူ ဒီအန်တီကြီး၏ အဖြူရောင် ပစ္စည်းများကြောင့် ချမ်းမြေ့တို့တသိုက်
မမြင်ဘူး မူးမြစ်ထင် ငေးကြရပြန်သည်။
