ကျွီ...
အပေါ်ထပ်တဲ့လှေကား ပေါ်အားခြေတစ်လှမ်းစလှမ်းလိုက်တာနဲ့ တကျီကျီအသံက ညသံဖြင့်ခြောက်ခြားဖွယ်ရာ တိုးထွက်လာသည်။ နောင်နောင် ဆတ်ခနဲ နောက်လှည့်ကြည့်မိတဲ့အချိန် လိုက်ပို့တဲ့ အဘိုးက
သူတို့အဖွဲ့အား ဧည့်ခန်းကနေ ရပ်ကြည့်နေ၏။စိတ်ထဲမသိုးမသန့်ဖြစ်သွားတာ ကြောင့် ဆက်မသွားပဲ ရပ်ကြည့်နေမိတဲ့အချိန် ထိုအဘိုးက အိမ်တံခါးပိတ်ကာ ခြံထဲဆင်း သွားတာကိုတွေ့ရ၏။ အဖွဲ့စုံနေသည်က တစ်ကြောင်း ၊ မိန်းကလေးများ လန့်သွားမည်စိုး၍တစ်ကြောင်း ဘာမျှမပြောဖြစ်ခဲ့ပေမဲ့ ဒီအိမ်ကြီးထဲမှာ မနေဘူးလား ဟု တွေးမိကာ မျက်မှောင်ကြုံ့လိုက်မိသည် ။
လှေကားလက်ရန်းတွေကလည်း အရင်က ဆေးဟောင်းတွေကွာကျနေပြီမို့ ဟိုတစ်ကွက်ဒီတစ်ကွက်
ဖြင့် အနည်းငယ် ရုပ်ပျက်နေ၏။ အနိုင် လက်တစ်ဖက်ကနေ လက်ရန်းကိုကိုင်ကာ တစ်ဖြည်းဖြည်း
အပေါ်ထပ်သို့ တက်လာခဲ့ပေမဲ့ မျက်စိကတော့ဓာတ်ပုံဆရာပီပီ ဟိုဒီကြည့်လျက်။" ညွှန်းစေ သေချာ ကြည့်တက်"
ညွှန်းစေက ကင်မရာသေးသေးဖြင့် လိုက်ရိုက်နေတာမို့ ညီစေ မနေနိုင်ပဲဝင်ပြောမိသည်။ တစ်အိမ်လုံး တိတ်ဆိတ်နေတာကြီးက စိုးထိတ်စရာကြီးမို့ဖြစ်နိုင်ရင် သူတည်းတောင်မတည်းချင်။ အစောကလည်း
မျက်နှာမကောင်း။ အဖြစ်အပျက်က လောလောလတ်လတ်ဘာဆက်လုပ်ရမှန်း မည်သူမှ
မသိနိုင်တာမို့ စကားတွေတိတ်ဆိတ်ကုန်သည်။အပေါ်ထပ်တွင်လည်း အောက်ထပ်ကအတိုင်း တစ်ပုံစံထဲ ဧည့်ခန်းရှိသည့်အပြင် အနက်ရောင် စော်ဘွားရုပ်ထုကလည်း ခန့်ညားစွာမတ်မတ်ရပ်လျက်။
ထီးထီးကြီးရပ်နေတဲ့စော်ဘွားရုပ်ကြီးက သူ့တို့ကိုလှမ်းကြည့်နေဟန်မို့ အပေါ်ဆုံးကတက်သွားတဲ့ ကြည်သာဦးပင်အမှတ်တမဲ့လန့်သွား၏။။" ဘာဖြစ်တာလဲ "
အစောမေးတော့ကြည်သာဦး လှည့်မကြည့်ပဲ
ဘာမှမဖြစ်ဘူး ဟုပြန်ဖြေသည်။" ဧည့်ခန်းဘေးက အခန်းနှစ်ခန်းက နေလို့ရတယ်တဲ့။ မိန်းကလေးနှစ်ယောက်နဲ့
ညီစေက တစ်ခန်းနေလိုက်။ ငါတို့လေးယောက်က တစ်ခန်းနေမယ် "