"ငချမ်းရေ ...စဉ့်အိုးလေးရော လှယ်ပေးခဲ့ပါဦး "
တနင်္ဂနွေတစ်ရက် နားရက်ကလေးမို့ နွားညိုကြီးကို သွားခေါ်ကာ တစ်ကောင်ထဲ ရေစည်သယ်စဉ် ဘေးအိမ်က နှစ်ခေါက်လောက် ရေထည့်ပေးပါဦးဆို၍ မုန့်ဖိုးရအောင် ထည့်ပေးလိုက်သည်။ အရင်လိုနွားနှစ်ကောင် ကတဲ့ လှည်းအဖြစ်ကနေ နွားညိုကြီး တစ်ကောင်ထဲဆွဲလို့ရအောင် အဖေရှိစဉ်က မြင်းလှည်းလိုပုံမျိုးဖြစ်အောင်ပြောင်းပေးထားတာမို့ တစ်ကိုယ်ရေတစ်ကာယအတွက်ကတော့ အဆင်ပြေနေသေးသည်။ ဘေးအိမ်က ခေါ်ထည့်တော့လည်း
" သားကြီး ဒီနေ့နည်းနည်းအပင်ပန်းခံပေးဦးနော်"ဟုချော့ထားရသည်။ အဖေမရှိတော့ကတည်းကနွားညိုကြီးက သူ့သား၊သူ့အဖော်မို့ လွန်စွာချစ်ရသည်။ ဘာခိုင်းခိုင်းတုတ်ဖြင့်မရိုက်၊ လည်ပင်းကြီးကိုပွတ်ကာ ချော့မော့ခိုင်းသည်။ တစ်ခါတစ်လေ နွားနဲ့စကားပြောသော သူ့ကိုအရူးလို့ ပြောတဲ့သူကပြောသေးသည်။
တကယ်ရယ်ရတဲ့သူတွေ။
စဉ့်အိုးမှာရှိတဲ့ရေဖင်ကပ်ကို သေချာ ပွတ်တိုက်ဆေးကြောပေးလိုက်သည်။
ဘယ်နှစ်ဘယ်ကာလက မဆေးပဲထားတဲ့ရေတွေမှန်းမသိအောက်မှာ အနေထိုင်နေတဲ့နွံတွေမှနည်းတာမဟုတ်။ရေအကျိုးဆယ်ပါး မတောင်းပဲပြည့်ပါတယ်လေဟု ဖြည့်တွေးကာ စေတနာပါပါ လုပ်ပေးမိသည်။
တစ်ခါတစ်လေ ဒီဖက်အိမ်ကခေါ်ခိုင်တဲ့အခါမျိုးရှိပေမဲ့ အပန်းမကြီးတာမို့ မငြိုညင်ပဲလုပ်ပေးတက်သည်။
သူ့အပေါ်ထမင်းတစ်လုတ်တောင်ခေါ်မကျွေးဘူးပါ။
သို့သော်ငြား နှုတ်၏စောင့်မ မူ့လေးတွေ ရှိတာကြောင့် ဘာခိုင်းခိုင်း သူစိတ်မပျက်ခဲ့ပေ။ တစ်ခုပဲ
အမြဲ လုပ်ပေးနေတက်တော့ နှုတ်လွယ်ကာ ဘာခိုင်းချင်ချင် အားမနာပဲ ငချမ်းရေ ဆိုတာမျိုးက မကြာမကြာ။ အားတဲ့ရက်တွေအရေးမဟုတ်။
ပင်ပန်းလာတဲ့နေ့မျိုးဆို သူ စိတ်ရှုပ်ရသည်။" စိုးကျော်တို့ဆက်လှေမှာ အလုပ်ဝင်လုပ်နေတယ်ဆို။"
"ဟုတ်ကဲ့"
" အေးပါ ။ ကြည့်ရှု့ပေးမဲ့သူလေးဘာလေးရှိတော့ အဆင်ပြေတာပေါ့။ မဟုတ်ရင် မိဘကမရှိ၊ပညာကမတက်နဲ့ ဘယ်လောက်တောင်ဒုက္ခရောက်မလဲ။ အိမ်က သားကိုလည်း စာမကျက်ချင်တဲ့အခါ မင်းကို ပြပြီး ဆုံးမထားရတယ်။ မဟုတ်ရင်ကလေးတွေက လောကကြီးအကြောင်းကိုနားလည်မှာမဟုတ်ဘူး ။ ပညာလေးတက်မှလူရာဝင်တာ မဟုတ်ရင် လူတောတိုးမှာမဟုတ်ဘူး သူများခိုင်းဖက်နဲ့ပဲ အချိန်ကုန်မှာလို့"