"ကိုအောင်ရွှေ ခဏလောက်"
သူ့ကိုမြင်တော့ ကိုအောင်ရွှေ နွားအုပ်တွေနားထိုင်နေရာကနေ ထလာ၏။
" ဒီရက်ပိုင်း မင်းပျောက်နေလို့ ငါစိတ်ပူနေတာ ။
အခြေအနေ ဘယ်လိုလဲ သက်သာပြီလား"နှုတ်ခမ်းထောင့်နားက အမာရွတ်သေးသေးကိုထိကာ သူဟက်ခနဲ ရယ်လိုက်မိသည်။
ကိုအောင်ရွှေက စီးပွားရေးသမားလူလည်။
သူ့အတွက် အဆင်ပြေမယ်ထင်တဲ့သူကို
တည့်အောင်ပေါင်းသည်။စိုးကျော်နဲ့ တည့်အောင်နေသလို သူ့ကိုလည်း အခေါ်အပြောမပြတ်။ မတက်သာလို့သာ ကိုအောင်ရွှေလိုလူမျိုးနဲ့ပြန်ပတ်သက်ရတာ ၊ ဖြစ်နိုင်ရင်ဝေးဝေးရှောင်ရမဲ့လူစားမျိုး။
" ယောက်ျားပဲ ဒီလောက်က အပျော့ပါ။
ကျုပ်ပြောစရာရှိလို့လာတာ။ "" အေး ဘာကိစ္စလဲ "
" ကျုပ်ရှင်းရှင်းပဲ ပြောမယ် ကိုအောင်ရွှေ။
ခင်ဗျား သွားဖို့လမ်းကြော မသင့်တဲ့ ရွာတွေကို ကျုပ် နွားဝယ် သွားပေးမယ် ။ နောက်တစ်ခေါက်ခင်ဗျား ပြန်လာရင် ရက်စောင့်စရာမလိုပဲ နွားတစ်အုပ်အဆင်သင့်စေရမယ်"ကိုအောင်ရွှေ ရယ်ကျဲကျဲဖြစ်နေရာမှ ရုပ်တည်သွား၏။
" ငါပြန်လုပ်ပေးရမှာဘာလဲ"
" ငွေ "
ချမ်းမြေ့စကားကြောင့် ကိုအောင်ရွှေ ဆိုက်ကြည့်ရင်း
ဟက်ဟက်ပက်ပက် ထရယ်သည်။" ငွေ ဆိုပါလားကွ...ဟားဟား ဟား"
"..."
" မင်းလိုမလောက်လေးမလောက်စားက ငါ့ကို တန်းညှိပြီးပြောရဲရအောင် သတ္တိတွေအတော်ကောင်းနေတာပဲ"
ချမ်းမြေ့ မတုန်မလှုပ်ပဲ ကိုအောင်ရွှေကိုကြည့်နေလိုက်သည်။ အောင်ရွှေဆိုတာ ဂင်တိုတိုပုကွကွ၊
ရုပ်ကြည့်ရင်သာနှစ်ပြားမတန်တာ ၊ လူလည်ပန်ကာမို့ နွားလောကရဲ့ ပွဲစားကြီးဟုတောင်ပြောလို့ရသည်။လူရင်း လူကျက်မရွေး ခေါင်းကျက် ခေါင်းစား အမြီးကျက်အမြီးစားတဲ့ကောင်မို့ ချမ်းမြေ့ အတွက်
အနည်းငယ် သတိထားရသည်။
