ကလော၏ ရာသီဥတုသည် နွေဥတု ဖြစ်လင့်ကစား အေးမြဆဲပါ။ ကေးသည် ညအိပ်ဝတ် မဟုတ်ပေမဲ့ ဟောင်းနွမ်းမနေတဲ့ အဝါဖျော့ဖျော့ တီရှပ် ဝတ်ထားတာမို့ စောင်အပြင်ထွက်တဲ့ အခါမှာ အနည်းငယ် စိမ့်၍သွား၏။ အခန်းအပြင်တွင် ကျယ်လောင်မနေပေမဲ့ထင်ရှားတဲ့ ကတ်ဆက်သံသည် ထစ်ထစ်ငင ရှိနေဆဲပေ။
သက်ပြင်းတစ်ချက်ရှိုက်၍ အမဲရောင်ဓာတ်မီးအားဆွဲပြီး အခန်းပြင် ထွက်သည့်အခါမှာ သူ့အားလွန်စွာစိတ်အနှောက်အယှက်ပေးနေတဲ့ တရားခံသည် သူမဟုတ်သလို မြည်ဟီးနေသည်။
ချလောက်
အန်တီဒေါ်မာမာအေးအား ဆက်၍ ဆိုခွင့်မပြုတော့ပေ။ ပိတ်သွားတဲ့ ကတ်ဆတ်သည် အသံရပ်သွားသည့်တိုင် အရှိန်မပြတ် အထဲက တဂျစ်ဂျစ် အော်ဟစ်သံပေးနေဆဲပင်။
"ဘာဖြစ်လို့လဲ ကေး "
ညီစေက အိပ်မှုန်စုတ်ဖွားဖြင့် သူ့အခန်းရှေ့တွင်ရပ်နေသည်။
"အသံကြားလို့ထလာတာလား"
ညီစေခေါင်းညိတ်လိုက်တာတွေ့တာကြောင့် ဓာတ်မီးဖြင့် အခန်းပတ်ပတ်လည်ကို လိုက်ထိုးကြည့်လိုက်သည်။
"ပြန်အိပ်ချင်အိပ်တော့။ ဘာမှမဟုတ်ဘူး"
ညီစေ အစောက အိပ်ချင်နေပေမဲ့ ကေးကြောင့် မအိပ်ချင်တော့ပေ။
အခန်းရှေ့ကနေ ပြန်မဝင်ပဲကေးဘေးနားကို လျှောက်လာပြီး ကေးလိုက်ကြည့်နေတဲ့ ဘက်ကို သူပါ ရပ်ကြည့်သည်။ သူ ကေးကိုပြောချင်တာတွေရှိနေသည်။" ကေး ဒီအိမ်က ပုံမှန်မဟုတ်ဘူး "
ကေး၏ အကြည့်က သူ့ဆီရောက်လာတာတွေ့မှ ညီစေ သက်ပြင်းရှိုက်ကာ
"ညက ကောင်းကောင်းအိပ်မရဘူး။ တစ်ယောက်ယောက်က ထိုင်ကြည့်နေသလိုပဲ တစ်ခါတစ်လေ အသက်ရှုသံပြင်းပြင်းတွေ ကြားနေရတယ်။ ညွှန်းစေနဲ့မစောကြောက်မှာစိုးလို့ သတိနဲ့ စောင့်နေရင်းကနေ ဘယ်လို အိပ်ပျော်သွားမှန်းမသိဘူး"
" သုံးနာရီထိုးတော့မှာ ။ ဘာပဲပြောပြော မိုးလင်းတာနဲ့ရွေ့ကြမှာပဲဟာ ။အခန်းပြန်ရင်ပြန်လေ ။ မင်းအမ ကြောက်နေဦးမယ် "
