ရွာလယ်လမ်းမကြီးကနေ ဆက်သွားရင် ငါးမိနစ်ခန့်လမ်းလျှောက်ရုံဖြင့် ချမ်းမြေ့တို့ လမ်းထိပ် ကိုရောက်နိုင်သည် ။ ရွာလမ်းမကြီးဆိုပေမဲ့ ကောင်းစွာမဖွံ့ဖြိုးသေးတဲ့ရွာပီပီ လှည်းလမ်းကြောင်းတွေနှင့် ဖုတ်တော သာသာမြေနီလမ်းသာဖြစ်၏။
ချမ်းမြေ့ခြေထောက်တွေအမြဲဖုန်ရောင်တောက်နေတက်တာသတိရတော့ ချမ်းမြေ့ကို ဖိနပ်တစ်ရံ ဝယ်ပေးချင်စိတ်ဖြစ်လာ၏။
လမ်းချိုးလေးကနေ ရှေ့ဆက်သွားပြီးနောက်မှာ ဇီးကိုင်းတွေနှင့် ပြုလုပ်ထားသော ခြံစည်းရိုးကိုတွေ့ရသည်။
အဝါရောင်မြေပြင်သည် သန့်ရှင်းနေပြီး ခြေတံရှည်အိမ်ငယ်လေး၏ဘေးတွင် နွားညိုနှစ်ကောင် စတည်းချကာ နွားတင်းကုတ် ရှိပေမဲ့ နွားတွေတော့ရှိမနေပေ။သူသည်အိမ်ထဲ ရမ်းမဝင်ရဲပေ။
ခြံထဲဝေ့ကြည့်မိစဉ် ခြံထောင့်ရှိ ထနောင်းပင်အောက်တွင် ကလေးတစ်ယောက်ဆော့ကစားနေတာတွေ့ရ၏။
ချမ်းမြေ့ .....
သူ့နှုတ်က တိုးတိုးလေး ထွက်သွား၏။
ချမ်းမြေ့သည် စောင့်ကြောင့်ထိုင်ပြီး လက်ထဲရှိ ဗာဒံသီးတစ်ချို့ကို
ထုခွဲနေတာမို့ ခြံထဲဝင်လာသော နိုင်နိုင်ကိုမမြင်ပေ။
ဆံရစ်ဝိုင်းကေလေးသည် ရှည်လာဟန်ရှိသည်။
မျက်ခုံးအောက်နားထိ ထိစပ်နေတာမို့ ထူထဲသော မျက်ခုံးမဲမဲတို့ဖုံးအုပ်နေသည်။ ပါးပြင်မှာ သနပ်ခါးပါးဝိုင်းလေးဝိုင်းထားတာတွေ့ရတော့ နိုင်နိုင့်စိတ်ထဲအေးချမ်းသွား၏။ တစ်ယောက်ထဲအိမ်စောင့်နေရရှာသော ကလေးလေးကိုလည်း တဆက်ထဲ သနားသွားရသေး၏။"ချမ်းမြေ့ ... ။ တစ်ယောက်ထဲ ဘာတွေစားနေတာတုန်းကွ "
သူ ရှေ့တည့်တည့်မှာဝင်ထိုင်ကာမေးလိုက်တော့ ချမ်းမြေ့ မော့ကြည့်ကာ အားရဝမ်းသာဟန်ဖြင့်
"ဟာ အနိုင်လိုက်လာတယ် "
" ဟုတ်ပါ့။ လိုက်လာရတာပေါ့ကွ ၊မင်းမှငါ့ဆီ မလာတာ။"
ချမ်းမြေ့ ရယ်ပြလိုက်တာကြောင့် သူ့မျက်လုံးလေးတွေမှိတ်သလိုဖြစ်သွား၏။ ချမ်းမြေ့မျက်လုံးလေးက
ဝိုင်းသလိုလိုရှိပေမဲ့ စိတ်လိုလက်ရ ရယ်တိုင်း မှေးမှိတ်ကွေးညွတ်သွားတက်၏။ ဒီကောင်ကြီးလာရင် လူချောဖြစ်မှာမလွဲပေ။