"ဟား နိုင်သွားပြီကွ။ ပြောထားတဲ့အတိုင်း ငါစားသမျှ မင်းတို့ တစ်လှည့်စီ ရှင်းရမှာနော်။"
ကားထဲတွင် အပျင်းပြေရန် လောင်းကြေးထပ်ကာ ဂိမ်းကစားကြရာ ထုံးစံအတိုင်း ဝန်းနူက နိုင်သောကြောင့် ဝမ်းသာအားရအသံနှင့် ပြောသည်။
"ကဲ ဒီလိုနဲ့ပဲ အစမ်းဂိမ်း ပြီးသွားပါပြီ။"
"ဘာလဲ။ မင်းတို့မညစ်နဲ့။ အစမ်းဂိမ်းလို့ မပြောထားပဲ။"
"မင်းက ကျွမ်းပြီးသားလေကွာ။ လျှော့ပေးသင့်တာပေါ့။ အစမ်းဂိမ်းလုပ်လိုက်။"
"မရဘူး ဟေ့ကောင်။"
သူတို့ပဲ ရှိကြသလိုနှင့် ကားထဲတွင် ငြင်းခုံဆူညံနေကြသော လူများအား ဆွန်းဂွမ် စိတ်ပျက်လက်ပျက်နှင့်သာ သည်းခံနေရသည်။ မနက်ဖြန် ဆွန်းဂွမ်အမေ၏ မွေးနေ့လည်းဖြစ် ပိတ်ရက်လည်းဖြစ်သောကြောင့် နှစ်မိသားစုလုံး ဘူဆန်မှ အမေတို့သူငယ်ချင်း၏ အိမ်သို့ သွားနေကြခြင်းဖြစ်သည်။ ဆွန်းဂွမ်အမေက သူ၏မွေးရပ်မြေ ဘူဆန်ကို အတော်သဘောကျသည်ကြောင့် နှစ်တိုင်းအလည်သွားသည်ပင်။
ဘူဆန်သို့ သွားရသည်မှာ အဆင်ပြေသော်လည်း အတူသွားရသည့် လူများကြောင့် ဆွန်းဂွမ်အဆင်မပြေ။ ဆွန်းယောင်းကသူ၏ သူငယ်ချင်းတွေကိုပါ ခေါ်လာသည်။ ဆွန်းဂွမ်ကိုလည်း အမေတို့က သူငယ်ချင်းခေါ်ရန် ပြော၍ ယောင်းဂျီကို ခေါ်သော်လည်း မအားဟုဆိုသောကြောင့် သူတစ်ယောက်တည်း ဖြစ်နေသည်။ ဘူဆန်ရောက်လျှင်တော့ ယောင်းဟွန်းဆိုသည့် အမေတို့သူငယ်ချင်း၏ သားက ဆွန်းဂွမ်နှင့် ခင်သောကြောင့် အဆင်ပြေသည်။ နယ်ခံဖြစ်သောကြောင့် မသိတာ မသွားတတ်တာဆို လိုက်ပို့ခိုင်း၍ ရသည်။ ယောင်းဟွန်းက ဆွန်းယောင်းနှင့် သိသော်လည်း ဆွန်းဂွမ်ကို ခင်သည်အထိ မခင်ပေ။
"ဘာမှ အသုံးမဝင်တဲ့ လူတွေ အနားမှာ အများကြီး ရှိနေတာထက် အသုံးဝင်တဲ့ တစ်ယောက်ရှိနေတာက ပိုကောင်းပါတယ်လေ။"
တစ်ယောက်တည်း ရေရွတ်လိုက်သည့် စကားအား ငြင်းခုံဆဲဖြစ်သည့် လူများကတော့ ကြားနိုင်မည်မဟုတ်ပေ။
အမေတို့သူငယ်ချင်း၏ အိမ်သို့ ရောက်တော့ ယောင်းဟွန်းက ဆွန်းဂွမ်၏ အိတ်ကို အပြုံးတွေနှင့် လာသယ်ပေးသည်။ အကြောင်းသိသော ဆွန်းယောင်းက ဘာမှမဖြစ်သော်လည်း သူ၏သူငယ်ချင်းတွေက စူးစမ်းသလို ကြည့်နေကြသည်ကို ဆွန်းဂွမ် တွေ့လိုက်ပါသေးသည်။

YOU ARE READING
Enemies To Lovers
Fanfiction"မင်းဘဝမှာ အမုန်းဆုံးလူက ဘယ်သူလဲ။" "ဂွမ်ဆွန်းယောင်း မင်းပဲလေ။" Seventeen SoonBoo Fanfic Myanmar