လုပ်ချင်ရာလုပ်ပြီ အလှဆုံးမပြုံးနိုင်ဘဲ ငိုနေရသူက သော်သော်။
ဟုတ်တယ်။သော်သော်က ကိုကို နဲ့ ပက်သက်ရင် အမြဲ ငိုတယ်။
လူမမြင်အောင် ငိုတယ်။ ကိုကို မမြင်အောင် ငိုတယ်။
ငို လိုက်လို့ အလွမ်းတွေ ပျောက်ရင် သိပ်ကောင်းမယ်။
အခုတော့ ငိုရင် လွမ်းရင် သော်သော် ရင်ဘက်တွေ ပြည့်သိပ်နေသည်။
“ငါ ဘာဖြစ်လို့ မမေးမြန်း မစူးစမ်းဘဲ ကိုကို့ပါးကို ရိုက်ခဲ့သလဲ..”
“ငါ ဘာဖြစ်လို့ အမြဲ မစဉ်းစားဘဲ လုပ်ချင်ရာတွေ လုပ်မိသလဲ..”
“ငါ ဘာဖြစ်လို့ ကိုကို့ အပေါ် အရမ်းသ၀န်တိုနေရတာလဲ ..”
ဒီမေးခွန်းများဖြင့် ကိုယ့်ကိုယ် ကိုယ် သော်သော် ညဉ်းပန်းနှိပ်စက်နေသည်။
ကိုကိုကတော့ အိမ်ပြန်မလာခဲ့။ထိုနေ့ညကလည်း ပြန်မလာခဲ့သလို နောက်နေ့ နောက်နေ့ တစ်ပတ်ပြည့်သည်အထိ သော်သော့်ရှိတဲ့
သော်သော့်အိမ်ကို ကိုကိုပြန်မလာခဲ့။
ကိုကို့ရဲ့ အမား ရှိရာ နေအိမ် သို့ ကိုကို ပြန်သွားပြီတဲ့။
သူမကိုယ်သူမ သော်သော်နဲ့ ကိုကိုရဲ့ အောင်သွယ်တော်အဖြစ် ခံယူထားသူ မေမြတ်က စုံစမ်းပေးသည်လေ ။
ပြီတော့ ရည်းစားမရှိ အိမ်ထောင်မကျသေးသော မေမြတ်က သော်သော် ကို အကြံ ပေးစကားပြော ပေးသည်။
“ ချစ်သူဘ၀ မှာပဲ ဖြစ်ဖြစ် အိမ်ထောင်သည်ဘ၀ မှာပဲဖြစ်ဖြစ် တစ်ယောက်က တင်းရင် တစ်ယောက်က လျော့ရတယ်တဲ့ဟ ။ဒါမှလည်း ခိုင်မြဲ မှာ။ပြီတော့ တစ်ယောက် နဲ့ တစ်ယောက် မာန
တွေ မထားရဘူး။ ကိုယ် မှားမှန်းသိရင် မှားတဲ့လူက အရင်တောင်းပန်လိုက် ။ဒါဆို ပြီရော…”
“နင်က ဒါတွေ ဘယ်လိုလုပ်သိလဲ ..”
သော်သော်က မေးတော့
“ငါ့ ဖေဖေက ပြောပြတာ..”တဲ့။
ဆန်းကြယ်ပြီ လှလိုက်တာနော်။မေမြတ်မှာ သွန်သင်ဆုံးမ ပေးမယ့်ဖေဖေ ရှိတယ်။နေမကောင်းရင် မုန့်၀ယ်ကျွေးမယ့်ဖေဖေရှိတယ်။
သော်သော့် မှာရော။ သော်သော့်မှာက ဂရုစိုက်ပေးတဲ့ ကိုကိုရှိသားပဲ။
သူများဖေဖေ တွေနဲ့မတူတဲ့ ဖေဖေ့အကြောင်းကတော့ မစဉ်းစားချင်ပါဘူး။
တွေး လည်း မတွေးချင်ပါဘူး လေ။
ဒါ့ကြောင့် သူများတွေ နှင့်ယှဉ်ရင် သော်သော်ကပိုကံကောင်းပြီ ပိုသာလွန်သလို ခံစားစေရသည့် ကိုကို့အကြောင်းပဲ စဉ်းစားလိုက်သည်။
“ကိုကို ..ကိုကိုက မေမေနှင့် ကိုကို ကောင်းမြတ် အစား သော်သော့်အနား ရောက်လာပြီ လုံခြုံ မူ့တွေ ပေးတယ်။
ဂရုစိုက်မူ့တွေ ပေးတယ်။
ကြင်နာမူ့တွေ ပေးတယ်။
ပြီတော့ သော်သော် သိတာပေါ့ ။ကိုကိုက သော်သော့်အပေါ် သိပ်စိတ်ရှည်တယ်လေ။
ဒါ့ကြောင့်လဲ သော်သော်က ကိုကို့အပေါ် ဆိုးကြည့်တာ။
အနိုင် လည်းကျင့်ကြည့်တယ်။
ကိုကိုက အလိုလိုက်ပြီ သည်းခံသားပဲ။
ဒါပင်မဲ့ကိုကိုရယ် … သော်သော့်ကို စချစ်တုန်းကလောက် မချစ်တော့လို့ပြန်လာမချော့တာ လားနော်။
ကိုကိုမရှိတဲ့ အိပ်ရာပေါ်မှာ သော်သော် ဘယ်လောက်အထီးကျန် ၀မ်းနည်းနေသလဲ ကိုကို တွေးမိရဲ့လား။
ညအိပ်ရင် ထွေပွေ့ဖို့ သော်သော့်ကို သတိရရဲ့လား။
နံနက်မိုးလင်းရင် ကိုကိုအိပ်ရာထဖို့ ကိုကို့ပါးကိုဆွဲလိမ် ကိုကို့လည်ပင်း ကို ဆွဲကိုက်ပြီ နိူးတတ်တဲ့ သော်သော့်ကို မေ့နေပြီလား။
မမေ့ပါနဲ့နော်။ ကျေးဇူးပြုပြီ မမေ့ပါနဲ့။ သော်သော့် ဖုန်းကိုလည်း ကိုင်ပါ။
ကိုကို မရှိတော့ ညဖက် အိပ်မက်ဆိုးတွေမက်လို့ပါ..”
စိတ်ထဲကနေ တိတ်တိတ်လေး သော်သော် ပြောနေသည်။
ကိုကို ဘယ်ကြားမလဲနော်။ သော်သော် လာပြောမှ ကိုကို ကြားမှာပေါ့။
@@@
စော်ကားခံခဲ့ရတာ မာန မဟုတ်ဘူး။ သိက္ခာ နဲ့ ကျင့်၀တ်။
မာန သာဆို သူမအတွက် ကောဇော တစ်ချပ် ဖျာတစ်ချပ်လို ချအနင်းခံ ရဲပါသည်။
အခု သူ စော်ကားခံခဲ့ရသည်က သူ့သိက္ခာနဲ့ ကျင့်၀တ်။
ကျောင်းအဆောင်ရှေ့က လူအများရှေ့ ၊ဘေးနားမှာ အသိမိန်းကလေး နှစ်ယောက်ရှိချိန် သူက ဘာမျှမေးမြန်းခြင်းမခံရဘဲ ဇနီးသည် ဆီက ပါးလာရိုက်ခြင်းကိုခံခဲ့ရသည်။
ထမင်းဘူး ၊ရေခဲပုံးနဲ့ ပစ်ပေါက်ခြင်း ခံခဲ့ရသည်။
ခံရသည်က အကြောင်းမဟုတ်။သူမစိတ်တိုရင် သူသည်းခံနေကျမို့ ခံနိုင်သည်။
မခံနိုင်သည်က သူက အကျင့်မကောင်းတဲ့အကောင်။
နောက်ကွယ်မှာ ယုံကြည်လို့မရအောင် ဖောက်ပြန်တတ်တဲ့ ကောင်စားမျိုးလို သူမထင်မြင်ခဲ့တာကို ပဲဖြစ်သည်။
ထပ် တလဲလဲ ကိုယ့်ကိုယ် ကိုယ် စမ်းစစ် မေးမြန်းကြည့်သည်။
“ငါက တကယ်ပဲ သော် အထင်မြင် သေးမိအောင် အညှာလွယ်တဲ့ ယောကျာ်းမျိုးလား။ သစ္စာ မဲ့ လွယ်တဲ့ ယောကျာ်းမျိုးလား။
သူမ မယုံကြည်နိုင်လောက်အောင် ငါက ဖောက်လွဲဖောက်ပြန် ဘာတွေ များ လုပ်မိသလဲ…”
မေးမြန်းကြည့်တိုင်း အသိစိတ်ရော မသိစိတ် ရောက ပြန်ဖြေသည်။
“ငါ မမှားဘူး သော်။ မင်း မှားတာ။ မင်းက အချစ်ကို ဗန်းပြပြီ ငါ့ကို ချုပ်ချယ်တယ်။ ငါသိတယ်။ ငါချစ်လို့ မင်းကို ခွင့်လွှတ်တယ်။
ငါ သည်းခံတယ် ။
ဒါပင်မဲ့ မင်း ဘက်ကကျတော့ ငါ့ကို နားလည်မူ့ပေးဖို့ ၀န်လေးတယ်။
ယုံကြည်မူ့ ပေးဖို့ ခက်ခဲတယ်။ လေးစားမူ့ဆိုတာ ဝေးလေစွ..”
အပြစ်တင်နေတာ မဟုတ်ဘူးသော် ။ ပြောပြချင်နေတာ။
ကိုကို့ရင်ထဲက ခံစားချက် တွေ သော် နားမလည် ပေးရင်နေ သိစေချင်တယ်။
သော် သိရင် ကိုကို့တို့ အဆင်ပြေမှာပဲ။
သော် မသိချင်တော့ရင် တော့ ကိုကို တို့ နှစ်ယောက် ယှဉ် လက်တွဲ လျှောက်ကြတာ ရပ်လိုက် ရုံပေါ့။
စိမ်းကာရက်လို့ ပြောမိတဲ့ စကားတော့ မဟုတ်ပါဘူးသော်။
ခံစားလျက် ပြောမိတဲ့ စကားများပါ။
တကယ်ပါ။ သော် နဲ့ပက်သက်ရင် ကိုကို ခံစားရတာများပါတယ်။
လူရှေ့သူရှေ့ ပါးရိုက် ခံလိုက်ရတဲ့ ယောကျာ်းတစ်ယောက်က ပါးရိုက်လိုက်တဲ့ မိန်းမ လက်နာသွားမှာ စိုးရိမ်မိတယ်လို့ ပြောရင်
ရူးတယ်လို့ ထင်ကြမှာပဲ။
ကိုကို တကယ် ရူးမိပါတယ်။
သော့်ဆီက ရက်စက်တဲ့ စကားတွေ ကြားရမှာစိုးလို့ သော့်ဆီ လူပြန်မလာခဲ့ပင်မဲ့ စိတ်ကတော့
“ နေ့နေ့ညည သော် နေရောကောင်းရဲ့လား။
ငိုနေမှာလား။ ထမင်းရော စားရဲ့လား..”
အရူးလို အမှတ်မရှိ တွေးမိနေသည်။
စိတ်ပြေလက်ပျောက် ဆိုပြီ ရောက်ခါစ ရက်မှာ သူငယ်ချင်းတွေနဲ့ အရက်သောက်မိတော့ အမား ငိုသည်။
နောက်ပြီတော့ မေးသည်။
“နင့်အပါး ရှိရင် အဆိုင်း နင် ဒီလို လုပ်မှာပဲလား။
ငါ့ အပေါ်မို့ နင်ဒီလို လုပ်တာမို့လား…”
နေ့ခင်း ကြောင်တောင် လူရူပ်တဲ့ အမားအိမ်ရှေ့ အမူးလွန်ပြီ ထိုးအန်တော့ အမား ရှက်သွားပုံပဲ။
တစ်လောကလုံးမှာ အမားရဲ့ သား အဆိုင်းက အတော်ဆုံး။
အလိမ်မာဆုံးလေးလို့ ကြေညာထားတာ။
အခုတော့ အမားရဲ့ အဆိုင်းက မိန်းမယူတာတောင် အမားကို အရာမသွင်းလိုသည့်သဘော ဆောင်။
တရားရုံးမှာ လက်မှတ်ထိုး ပြီမှ ဖုန်းဆက်ပြောခဲ့တယ်။
အမား သား မိန်းမယူလိုက်ပြီ။ သားစကား ကြားတော့ တခဏ တာ တိတ်ဆိတ်။
“အေး …အမား မင်္ဂလာဆောင် ပေးမှာပေါ့ လို့ ..”
အမားက ပြန်ဖြေခဲ့တာ။
သားက မလိုဘူး အမား။သော် နိုင်ငံခြားက ပြန်လာမှ သားတို့ မင်္ဂလာဆောင်မှာ ပြောတော့
“အမား ဆောင်ပေးနိုင်ပါတယ် အဆိုင်းရဲ့ ။
အမား ပိုက်ဆံရှာနေတာ အဆိုင်းဖို့ပဲ။
ကောင်မလေးက ဘယ်လောက်ကုန် ဖိုး(တင်းတောင်းငွေ) တောင်းလို့လဲ..”
“ဘာမှ မတောင်းဘူး အမား …”
အမား လုံး၀ နူတ်ဆိတ်သွားခဲ့သည်။
အမားက လဲ အကုန်ကျ သက်သာတာပေါ့လို့ ပြန်နောက်တော့ စိတ်ဆိုးသွားခဲ့သည်။
“အဆိုင်း ..ငါ နင့်ကို သူများထက် မသာရင်နေ တန်းတူဖြစ်အောင် ၀င်ဆံ့အောင် ပျိုးထောင် ခဲ့တာ.။သူများ အရိပ်ခို စရာ မလိုဘူး။
နင့် မှာ ကိုယ်ပိုင် အရိပ် ခိုဖို့ နင့်အမား တစ်ယောက် လုံး ငါရှိတယ်။
ပြီတော့ ငါ့သားက သူဌေးသမက် ဖြစ်စရာမလိုဘူး။
သူကိုယ်တိုင် သူဌေး ဖြစ်အောင် လုပ်နိုင်တယ် ...”
သော့်မိသားစုနှင့် ပက်သက်သည့် သတင်းတွေ အမား ကြားထားသည် ထင်သည်။
အမားက တစ်ကိုယ်တော် မိခင်ပီပီ မာန သိပ်ကြီး သည်။
သား နှင့်ပက်သက်လျှင် ပိုပြီ မာနကြီးသည်။
ဒါ့ကြောင့် သော် နှင့် စိတ်ဆိုးပြီ အိမ်ပြန်လာသော သားကို အမားက ၀မ်းပန်းတသာ ကြိုဆိုခဲ့သည်။
အရက်မူးပြီ ထိုးအန်ခဲ့တဲ့ နေ့ကလွဲလို့ပေါ့။
နောက်နေ့ မှာတော့ အဆိုင်း ကြိုက်တဲ့ ဟင်းတွေချက်ပြီ ဖျောင်းဖျသည်။
“ကောင်မလေး ဒီကို လိုက်လာရင် အမား လက်ခံမယ်။
အဆိုင်း ကတော့ မျက်နှာငယ်ခံ လိုက်မသွားရဘူးနော်။
အဆိုင်း လိုက်သွားရင် အမားက သေခန်း ပြတ်ပဲ ။
အမား တကယ် ပြတ်နိုင်တယ်။ အဆိုင်း ကြိုက်တဲ့သူကို ယူတာ အမား မတားဘူး။
မကြိုက်တဲ့ သူနဲ့လည်း အတင်းမပေးစားဘူး။
အမား သား မျက်နှာငယ်ရမှာကိုတော့ ကြားလည်း မကြားချင်ဘူး။ မြင်လည်း မမြင်ချင်ဘူး ...”
“အမား ဘာတွေ ကြားထားလို့လဲ..”
အဆိုင်း မမေးဖြစ်ခဲ့။ အပါး သေရင် အပါးကိုယ်စား အမားကို သား စောင့်ရှောက်မှာပေါ့လို့ ကတိ ခံပြီသား။
အမား စိတ်ဆင်းရဲ အောင် အဆိုင်း မလုပ်ပါဘူး။
ဒါ့ကြောင့် သူငယ်ချင်းတွေနဲ့အတူကိုယ့်မွေးရပ်မြေမှာ ဝါသနာပါရာ ဓါတ်ပုံကိုပဲ ဇောက်ချလုပ်ဖို့ အဆိုင်း ဆုံးဖြတ်ထားသည်။
ညဖက်မှာတော့ နှလုံးသားက သူမကို တိတ်တိတ်လေး ခိုးလွမ်းနေဆဲ။
ဘယ်လိုပဲ ဖြစ်ဖြစ် အလုပ် နဲ့ လက် မပြတ်မှ စိတ်မလေ မှာ။
လွမ်းစိတ်နဲ့ ထိုင်ဆွေးနေရင် ပေါက်ကရတွေ လုပ်မိမှာ။
မလုပ်မိအောင် ကိုယ့်ကိုယ် ကိုယ် အားတင်းရင် သူငယ်ချင်းတွေနဲ့အတူ ကြက်တောင်ရိုက် ၊ ညဖက် ကန်ဘောင်မှာ ဂီတာ လိုက်တီး ၊ ဓါတ်ပုံလှလှလေး တွေ လျှောက်ရိုက်။
လျှောက်ရိုက် ပြီသား ဓါတ်ပုံတွေ အသိအစ်ကို တစ်ယောက် ရဲ့ ဓါတ်ပုံစတူဒီယိုမှာ သွားထုတ်။
YOU ARE READING
တစ်နေ့မှာ (One Day)
Romanceတစ်နေ့မှာ အချစ်ကို အချစ်လို့ မင်းမြင်တဲ့အခါ ... "ကိုယ်ပေါ်မှာ ဒဏ်ရာမပေးသလို စိတ်ထဲမှာလည်း အမာရွတ် မကျန်စေတာ အချစ် ဆိုတဲ့ အကြောင်း မင်းသိလာပါစေ.." နှလုံးသားနုနု ပျားအိုင်ထဲကျသွားရင် ချိုမြိန်သလောက်... ပင်လယ်ရေပြင်ထဲ ကျသွားရင် ငံသွားတတ်တာ သဘာ၀ပဲ...