One Day-24

622 31 1
                                    

လွမ်းလျက်နဲ့ မခေါ်ဘဲ ဆွေးနေရတဲ့ ဘ၀က တော်တော်ဆိုးပါသည်။

တင်းခံနေတဲ့ မာန စိတ်ကြီးကလည်း ရိုက်ချိုးပစ်ချင်စရာကောင်းအောင် ကြီးမားနေ၏။

ဒီနေ့ဆို ရက်သတ္တပတ် နှစ်ပတ် ပြည့်ခဲ့ပြီ။
ကိုကို နဲ့သော်သော် အပြန်အလှန် ဖုန်းမပြော ၊မက်ဆေ့ မပို့ခဲ့တာလေ။

သော်သော် ဒီနေ့လည်း တွေးရင် ညဉ့်နက်တော့မည် ထင်ပါရဲ့။

လန်ဒန်မြို့၏ လမ်းမတွေက မကြာမီ ကျရောက်တော့မည့် ခရစ္စမတ် ပွဲတော်အတွက် မီးရောင်စုံ ထင်ရူးပင် တွေနှင့်အတူကြိုတင်စည်ကားလှပနေသည်။

သော်သော့် ခံစားချက်တွေနဲ့ မလိုက်မဖက်ပေါ့။

မလိုက်ဖက်ပင်မဲ့ ဘာရယ် မဟုတ် စာလုပ်ပြီသည်နှင့် သော်သော် အခန်းမှန်ပြတင်းပေါက်နားရပ်ပြီလမ်းမဖက် ငေးကြည့်နေလိုက်သည်။

ဘယ်ချိန် ခေါ်မလဲ ၊ဘယ်နေ့ ခေါ်မလဲ မျှော်လင့်နေတဲ့ ဖုန်းကလေးကို လက်ထဲမှာကိုင်လျက်သား။

တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေ အများစုနေထိုင်သည့် လမ်းမို့ထင်ပါ၏။

ဖရိုက်ဒေး နိုက် မှာ အတွဲကိုယ်စီဖြင့် ခရစ္စမတ်ကိုကြိုနေသည့် လမ်းမပေါ် လျှောက်နေကြသည်။

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ရယ်နေကြသူက ရယ်။ တစ်ယောက် လက် တစ်ယောက်တွဲလျက် နှင်းတွေကြားမှာ ကနေသူက က။

သိပ်လှသည်။သိပ်လှလို့ သော်သော် ရင်ထဲမှာ ဟာသွားသည်။

ဟာသွားသည့် သော်သော့်ရင်ထဲကို မနာလိုမူ့တွေ က ၀င်လာပုံရသည်။ဒါ့ကြောင့် ဆက်မကြည့်ဘဲ ပြတင်းပေါက်နားကနေ ခွာဖို့ ပြင်လိုက်သည်။

ထိုအခိုက် သော်သော့် လက်ထဲက ဖုန်းက ကောက်မြည်လာ၏။

ရုတ်တရက်ကြီးမို့ သော်သော် လန့်တောင်လန့်သည်။

ဖုန်းနံပါတ် ကို သေချာကြည့်‌မိတော့ လန်ဒန် သုံးနံပတ်မို့ စိတ်ပျက်စွာ ကိုင်လိုက်သည်။

"Hello.."

"ဟဲလို သော်လား .."

သော် လားဆိုတဲ့ အသံကြားတော့ ဟန်မဆောင်နိုင် ကိုကို လို့ တန်းခေါ်မိသည်။

တစ်နေ့မှာ (One Day)Where stories live. Discover now