unicode
Taehyungသည် ကားထက်ကနေမဆင်းခင်တည်းက ညီလာခံခန်းမအရှေ့တွင် စောင့်ဆိုင်းနေပါသည့်Jungkookကို ကားမှန်ထဲကနေတဆင့်လှမ်းမြင်နေခဲ့ရပြီး စိတ်လှုပ်ရှားရင်ခုန်မှုကြောင့် အောက်နှုတ်ခမ်းသားလေးကို တတိတိကိုက်မိသွားသည်။
စေ့စပ်ပွဲနေ့အတွက် သူ့မှာစိတ်လှုပ်ရှားလွန်းပြီး ညကလည်း ကောင်းကောင်းအိပ်မပျော်ဘဲ ပေါင်းတင်ကပ်ခွာကိုမျက်နှာထက်ကပ်လျက်သားဖြင့် ကုတင်ထက် ဟိုဘက်လှိမ့်ဒီဘက်လှိမ့်နှင့် မိုးလင်းသည်အထိ သူ့အသိစိတ်မှာကပ်နေခဲ့သည်။
ထို့ကြောင့် အနည်းငယ်နက်ချင်နေသည့် သူ့မျက်တွင်းလေးတွေကိုတောင် မိတ်ကပ်နှင့်ဖို့ခဲ့ရသေးသည်။
ကားကဆိုက်ရပ်သည့်အခါ ကားအရှေ့ခန်းက Suhoမှာဆင်းလာလျက် Taehyungကိုကားတံခါးလာဖွင့်ပေးသည်အား စောင့်ဆိုင်းမှုပြုရင်း လှုပ်ရှားနေသည့်စိတ်အစဥ်ကို လေပူလေးမှုတ်ထုတ်လျက် ပြေလျော့အောင်လုပ်မိသည်။ သို့ပေမယ့် နှလုံးသားကတော့ ကတုန်ကရင်ဖြစ်နေဆဲပင်...။
ကင်မရာတွေက သူ့၏လှုပ်ရှားမှုတိုင်းကို အချိန်နှင့်တပြေးညီ မှတ်တမ်းတင်နေမည်ကိုသိသည့်မင်းသားငယ်လေးမှာ ကားတံခါးဖွင့်သည်နှင့် အိန္ဒြေသိက္ခာအပြည့်ရှိသည့်ခြေလမ်းလေးတွေနှင့် မြေပြင်ထက် ဆင်းသက်လိုက်၏။
သူသဘောကျနှစ်သက်သည့်Alphaထံ မျက်လုံးလေးပင့်ကြည့်မိသည့်အခါ ချောမောခန့်ညားသည့်Alphaသည် သူ့ကိုစောင့်ဆိုင်းနေခဲ့သည်။
Taehyung၏ခြေလမ်းတစ်လှမ်းချင်းတိုင်းက သိမ်မွေ့ညင်သာမှုအပြည့်ဖြင့် လှပနေကာ သူ့ကိုငေးစိုက်ကြည့်နေသည့် Jungkook၏နှလုံးသားလေးကို တုန်လှုပ်စေသည်။
Jungkookမှာ သူ့၏အရှေ့ထံ မင်းသားငယ်လေးရပ်လာသည်အထိ မှင်သက်ငေးမောနေမိဆဲ..။
မင်းသားငယ်လေးသည် သူ့Alpha၏အကြည့်ကြောင့် ရှက်သွေးလေးစိုလျက် အသည်းပုံသဏ္ဍာန်နှုတ်ခမ်းပါးလေးမှာ အပြုံးပန်းလေးဖြစ်တည်သွားသည်မှာ ရှက်ဝဲဝဲဟန်။
" နေရာယူရတော့မယ်လေ...."
သူ့ကိုစိုက်ကြည့်နေသည့်Jungkookမှာ တုတ်တုတ်မလှုပ်လာသည့်အခါ သြရှရှအသံတိုးတိုးလေးဖြင့် သတိပေးစကားဆိုလိုက်ရသည်။