အခန်း ၁ပင်လယ်ပြာပြာ
ရေပြာပြာ
ဗေဒါ ဘာကြောင့်စိမ်းရတယ်.....ရှင်သန်လာတဲ့ နှစ် ၂၀ အတွင်း ဖွဖွသာသာ ပွန်းပဲ့သွားတဲ့ အပိုင်းအစတွေပေါ့ ။ဘ၀ရဲ့တစ်ချိုးမှာ မတောင့်တပဲ ရခဲ့တဲ့ ကံတရားရဲ့ မျက်နှာသာပေးမှုလေးတွေ။သံသရာစက်၀န်းထဲ ဆက်လက်လည်ပတ်နေရဦးမည့် ဘ၀တွေ ဘ၀တွေမှာ သည်လိုမျက်နှာသာပေးမှုများ ရဦးမယ်ဆိုရင် နိဗ္ဗာန်လမ်းကို မြင်ရရင်တောင် မျက်ကွယ်ပြုပြီး လျစ်လျူရှုသွားမိမှာပဲ။
လူငယ်ဘ၀ရဲ့ အချိုးအကွေ့တစ်ခုမှာ အဲ့မိန်းမက ပွတ်ခါသီကာ လာ၀င်တိုက်ပြီးတဲ့ နောက်ပိုင်း နိဗ္ဗာန်နဲ့ လွဲချင်တဲ့ ဆန္ဒတွေကြောင့် ဘုရားရှေ့ရောက်တိုင်း မျက်နှာပူရတယ်။ဩကာသ ကန်တော့ချိုးရဲ့အဆုံးမှာ ဆုတောင်းတွေဟာ အထစ်ထစ်အငေါ့ငေါ့။မဂ်တရား ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ ဆိုတဲ့နေရာမှာ သံသရာကို သူနဲ့အတူ လည်ပတ်ရပါလို၏ ဆိုတဲ့ ဆုတောင်းကို ပြောင်းချင်ခဲ့မိတာ။
ဒီအတွေးတွေသာ ဖိုးဖိုးကြီးသိရင် မိုက်လိုက်တာ ငါ့မြေးရာ လို့များ ညည်းညူမိလား။သက်ပျင်းပဲ ဖွဖွချပြီး မိုက်ဖို့လုံလောက်တဲ့ အပိုင်းအစလေးတွေအကြောင်း တရားသဘောနဲ့ ဆင်ခြင်ပြနေမလား။" ခင်စရာ မင်စရာ ရူပါရုံ ချောသူ သက်လျာ ~~ ကြင်နာစွာ မောင့်စိတ်ထဲမှာ ~~ ချစ်မိတာ ကြိုက်မိတာ ~~~ စေတနာ ဝေဖြာ ~~~ ခင်သူဇာ လှပျိုမျက်နှာ အသည်းထဲမှာစွဲကာ ထာ၀စဉ်သာ ခင်မင်တာ "
စာဖတ်နေသည့် အာရုံထဲ မယ်ဒလင်သံ လွင်လွင်နှင့် ဟိုဖက်ခြံက ဘကြီးထူးရဲ့ သီချင်းသံက ကြားဖြတ်၀င်ရောက်လာသည်။မနက်စောစောစီးစီး နိုးလာချိန်တိုင်း ချင်ချင်းမထသေးဘဲ အရင်ဆုံးလုပ်မိတာက ဘေးနားမှ တွေ့ရာစာအုပ်ကို ဆွဲဖတ်လေ့ရှိတာပဲ။အခုလည်း နေထိုးနေသည့်တိုင် မျက်နှာမသစ်သေးပဲ ခုတင်ပေါ်မှာ ထိုင်လျက် စာအုပ်ဖတ်နေမိသည်။ဘကြီးထူးရဲ့ မယ်ဒလင်တီးလျက် ဆိုနေသည့် သီချင်းသံကို ကြားမှ စာအုပ်ကို လက်မှချကာ ရေချောင်သွားပြီး မျက်နှာသစ်ဖို့ လုပ်တော့သည်။
" ဘရဏီ ပုံနှုန်း ပြုံးလျက်မူရာ ခုံးမျက်စချီကာ စန္ဒာလမင်း အဆင်းနဲ့တူစွာ ၀င်း၀င်းပပဖြာ "
YOU ARE READING
ပင်လယ်ပြာပြာ ရေပြာပြာ ဗေဒါဘာကြောင့် စိမ်းရတယ်
Fantasy" ပင်လယ်ထဲမှာ ဗေဒါ ရှိလို့လား သက်လျာ " " တို့ပင်လယ်မှာတော့ ရှိတယ် ယော် " &&&&&& " ဗေဒါက ဘာလို့ အစိမ်းရောင်လဲ " " ကောင်းကင်နဲ့ ပင်လယ်က ပြာနေလို့ပေါ့ ယော်ရယ် "