အခန်း ၁၅
" ဝူး......ဟူး... ဟူး....."
ညအချိန် ကားပါးသည်မို့ တိမ်ယော်တို့ တစ်ဖွဲ့လုံး စိတ်လွတ် ကိုယ်လွတ် မောင်းနေကြသည်။သောက်ထားတဲ့ အရှိန်ကြောင့် အူရိုင်းလေး တိမ်ယော်က စည်သူတို့ထက် ပို၍ မြူးနေသည်။တိမ်ယော်နောက်က အေမီကတော့ တိမ်ယော်လို မဟုတ်ဘဲ အထင်နဲ့ အမြင်နဲ့ မတူအောင် သောက်နိုင်သည်။အူရိုင်းမဟုတ်ပေမဲ့ သူမူးချင်ရင် တစ်ငုံတည်းနဲ့လည်း မူးသည်။တိတ်ဆိတ်တဲ့ လမ်းမထက်မှာ ကုန်ကားကြီးတို့ တစ်စီးတစ်လေ ဖြတ်သွားတတ်ပြီး သာမန်ကားငယ်လေးတို့လည်း တွေ့ရ နည်းသည်။
" ဟားဟား ဟိုကောင်တွေ နောက်ကျ ကျန်ခဲ့ပြီ "
တိမ်ယော်မြူးနေသလောက် သူ့နောက်က အေမီကလည်း မကြောက်မလန့် မြှောက်ပေးလေသည်။သူငယ်ချင်းကောင်မလေး နှစ်ယောက်ကို ကြည့်ပြီး ဘေးချင်းယှဉ် မောင်းလာတဲ့ ကောင်းဆက်နဲ့ စည်သူတို့ တစ်ဦးကို တစ်ဦး ကြည့်ကာ ပြုံးလိုက်ကြသည်။ထက်ဦးကတော့ မတည့်အတူနေ ကောင်းဆက်နောက်မှာ ထိုင်လိုက်လာသည်။
တစ်ဖွဲ့လုံး သက်လျာကို သွားခေါ်ရာကနေ မတွေ့ဘဲ ပြန်လာရတော့ တိမ်ယော်က စပြီး စိတ်ရှုပ်ရှုပ်နဲ့ လေဗာဖြဲတော့ စည်သူနဲ့ ကောင်းဆက်လည်း ပြိုင်ကာ လိုက်လာသည်။ကောင်မလေး နှစ်ယောက်ကတော့ ဘိုက်ကာ နှစ်ယောက်ကို ကျော်အောင် မောင်းကာ အူမြူးနေကြသည်။
တိမ်ယော် စီးနေတဲ့ ထက်ဦးဘီးက တိမ်ယော့်အရပ်နဲ့ အနေတော် မောင်းလို့ရတဲ့ bobber လေးဖြစ်ပြီး စည်သူနဲ့ ကောင်းဆက်ဘီးက Yamaha R 15 တွေ ဖြစ်ကြသည်။တကယ်တမ်း ပြိုင်မယ်ဆို စည်သူတို့ကို တိမ်ယော်တို့ မြင်တောင် မြင်လိုက်မည် မဟုတ်။
ဘယ်ကနေ ဘယ်လို စီးလိုက်သည် မသိပေမဲ့ တိမ်ယော်တို့ သုနန္ဒာလမ်းထဲ ရောက်နေတာတော့ သိသည်။တိမ်ယော်က ၆ ကွေ့ကနေ ၃ လမ်းဆုံထိ စီးဖို့ စိတ်ကူးနေတာကြောင့် စည်သူက ၆ ကွေ့ထိ ဆက်မသွားဘဲ သုနန္ဒာလမ်းထဲ တိမ်ယော့်ကို မျှားခေါ်လိုက်ရသည်။ဆက်သွားရင်လည်း အကုန် မာလကီးယား ရောက်သွားနိုင်သည်။တိမ်ယော်ကတော့ ထန်းရည်မဟုတ်ဘဲ လေတိုက်လေ မူးလေ ဖြစ်နေမလားမသိ။စည်သူနဲ့ ကောင်းဆက်က အကြည့်ချင်း ဆိုင်ကာ ခေါင်းငြိမ့်လိုက်ကြသည်။ကျန်နေခဲ့သည့်လည်း နုနွယ်လည်း သူတို့ကို စိတ်ပူနေလောက်သည်မဟုတ်လားဟုတ်လား။ပြန်ဖို့သင့်ပြီလေ။ ( ဋ ) ရပ်ကွက်ရောက်တော့ ကောင်းဆက်က ပြန်လှည့်ဖို့အတွက် လမ်းသွယ်ကို ချိုးရန် ရှေ့ကို တက်လာသည်။ကောင်းဆက်နီးလာသည်ကို အေမီက တိမ်ယော့်ကို သတိပေးကာ မကျော်နိုင်အောင် လမ်းပိတ်ခိုင်းသည်။အဲ့ဒီအခိုက်ပဲ နောက်မှ တက်လာတဲ့ ဆိုင်ကယ်တစ်စီးက ဟွန်းတစ်ချက်တီးပြီး တိမ်ယော်တို့ကို ကျော်တက်သွားသည်။
YOU ARE READING
ပင်လယ်ပြာပြာ ရေပြာပြာ ဗေဒါဘာကြောင့် စိမ်းရတယ်
Fantasy" ပင်လယ်ထဲမှာ ဗေဒါ ရှိလို့လား သက်လျာ " " တို့ပင်လယ်မှာတော့ ရှိတယ် ယော် " &&&&&& " ဗေဒါက ဘာလို့ အစိမ်းရောင်လဲ " " ကောင်းကင်နဲ့ ပင်လယ်က ပြာနေလို့ပေါ့ ယော်ရယ် "