အခန်း ၁၂အနားမှာ ယောက်ျားတစ်ယောက် ရောက်လာတဲ့ထိ သက်လျာမှာ သူ့ကို စကားမပြောနိုင်သေး။အဆွေးရောင် ခေတ်ဟောင်းကျောပိုးအိတ်လေးကို ကြိုးတစ်ဖက် လွယ်ကာ ကဖေးဆိုင်ထဲမှ နွမ်းနွမ်းလျလျ ထွက်သွားတဲ့ မိန်းကလေးကိုသာ မြင်ကွင်းထဲ ပျောက်တဲ့ထိ မလွတ်တမ်းငေးနေမိတယ်။ကျောပြင်သေးသေးလေးကို ငေးရတဲ့ ခံစားချက်က ရင်ထဲမှာ တစ်ခုခု လစ်ဟာသလို ရှိတယ်။စိတ်ဆန္ဒတွေက ဘာကိုလိုချင်နေလဲ မသိတတ်သလို ဒါမှမဟုတ် အသိစိတ်ကကို လျစ်လျူရှုတာ အကျင့်ပါ တာများနေလို့ မသိတတ်တာ ဖြစ်မယ်။ဖမ်းဆုပ်မရတဲ့ တောင်နံရံထိပ်က တိမ်စိုင်တွေကို ငေးရသလို ခံစားချက်မျိုး အဲ့ဒီကလေးမက သက်လျာကို ပေးစွမ်းတယ်။ငေးကြည့်ရရုံတင် ပြည့်စုံသွားတဲ့ လိုအင်တွေဟာ စတွေ့ကတည်းက ဖြစ်တည်ခဲ့တာ။မတည်လို့လည်း မရခဲ့ဘူးလေ။ရောင့်ရဲခြင်းဆိုတာ သက်လျာ မွေးကတည်းက ယှဉ်တွဲပါလာတဲ့ အမှတ်သညာတစ်ခုပဲကိုး။
" ငေးလို့ ၀ပြီလား မိန်းကလေး "
နေလွှမ်းခက သက်လျာ မျက်လုံးရှေ့ လက်ရမ်းပြမှ ဘယ်လောက်ကြာကြာ အတွေးနစ်သွားလဲ မသိတတ်တော့။
" ဆောရီး တို့အတွေး လွန်သွားတယ် "
" အင်း ...သက်လျာက သူ့ကို သိလား "
" ဆိုပါတော့ "
နေလွှမ်းခက အသက်မပါတဲ့ အပြုံးနဲ့ ထွက်သက်ပြင်းပြင်းလေးကို နှာဖျားမှ ထုတ်လွတ်လိုက်တယ်။
" ပြောပါဦး ကောင်းကောင်းထားပေးခဲ့လား "
" အင်း ဆေးသစ်ပါ သုတ်ပေးခဲ့တယ် သူကြိုက်တဲ့ အဝါနုရောင်လေး "
နေလွှမ်းခ စကားကို အသိအမှတ်ပြုကာ ခပ်ဖွဖွလေး ခေါင်းငြိမ့်လိုက်တယ်။
" ကျေးဇူးတင်ပါတယ် ကိုနေ "
" ရပါတယ် သက်လျာကလည်း ကျွန်တော်တို့က အဲ့ဒီစကားတွေမှ မလိုအပ်တာ "
သက်လျာက ခပ်ဖွဖွပြုံးတယ်။အဲ့ဒီအပြုံးတစ်ချက်ကြောင့် နေလွှမ်းခဟာ သူ့စကားဆိုတာ အရာရာနာခံနိုင်ခဲ့တာ မဟုတ်လား။ရူးပြီးသားလူကို ထပ်ပြီးပြုစားလည်း ပြန်ကောင်းလာနိုင်စရာ အကြောင်းမှ မရှိတာ ဒီမိန်းကလေး မသိဘူး ထင်တယ်။ဒါလည်း ကောင်းပါတယ်။အနည်းဆုံးတော့ သူ့အပြုံးတွေကြောင့် ဘ၀က နေသာထိုင်သာတော့ ရှိတယ်။အနာပေးလိုက် ဆေးပေးလိုက်လို့ စွပ်စွဲရအောင်လည်း ဒဏ်ရာတွေဟာ ဒီမိန်းကလေးက ပေးတာ မဟုတ်ဘဲ ကိုယ်ဘာသာယူပြီး ဆေးကိုလည်း ကိုယ်တိုင်ကြံဖန်ရှာပြီး သက်သာအောင် နေခဲ့ရတာ။ဘ၀ရဲ့အမှားဟာ သူ့ကြောင့် မဟုတ်ဘဲ တွေ့စေဆုံစေခဲ့တဲ့ ကံတရားကြောင့်လေ။
YOU ARE READING
ပင်လယ်ပြာပြာ ရေပြာပြာ ဗေဒါဘာကြောင့် စိမ်းရတယ်
Fantasy" ပင်လယ်ထဲမှာ ဗေဒါ ရှိလို့လား သက်လျာ " " တို့ပင်လယ်မှာတော့ ရှိတယ် ယော် " &&&&&& " ဗေဒါက ဘာလို့ အစိမ်းရောင်လဲ " " ကောင်းကင်နဲ့ ပင်လယ်က ပြာနေလို့ပေါ့ ယော်ရယ် "