အခန်း ၄
သက်ပျင်းကို လေထုထဲ မမှုတ်မိခင် တိမ်ယော် သူ့အနားက ထွက်လာတယ်။မဟာဆန်သူ တိမ်ယော့်အမျိုးသမီးဟာ မဟာမဆန်ခြင်းတွေပဲ ပြုမှုလာတော့တယ်။ဘကြီးထူး ရဲ့ ခြံစည်းရိုးကို ကျော်မိတယ်ဆိုရင်ပဲ တိမ်ယော် သူ့ကို ပြန်လှည့်ကြည့်မိတယ်။ပိတောက်ပင်အောက်က အမှောင်ရိပ်ထဲမှာ ကျန်နေခဲ့ပါရော။
တိမ်ယော် ပြန်လာတော့ သူကထိုင်နေဆဲပဲ။ဖေဖေ သောက်နေကျ ဆေးလိပ်ဘူးထဲက စီးကရက်တစ်ဘူးလုံး ယူလာခဲ့တယ်။တစ်လိပ်ထုတ်ပြီး သူ့နှုတ်ခမ်းမှာ တပ်ပေးလိုက်တယ်။ညင်ညင်သာသာတော့ မဟုတ်။တိမ်ယော့် အားကြောင့် သက်လျာခန္ဓာကိုယ်လေးပါ နောက်သို့ ယိုင်လုဆဲဆဲ။
တစ်ဆက်တည်း မီးခြစ်ပါ ခြစ်ပြီး စီးကရက်ကို မီးညှိပေးလိုက်တယ်။အဲ့မိန်းမက စီးကရက်တလိပ်ကို မက်မက်စက်စက် ဖွာနေသည်တဲ့လေ။" မင်း သောက်တတ်လား "
" ကျွန်မက မိန်းကလေးလေ သောက်စရာလား "
" အဟင်း ဒါဖြင့် တို့ကရော ...."
" မိန်းမကြီး ဖြစ်နေပြီ "
သဘောကျစရာ မပါပဲ သူ့ထံရယ်သံညှင်းညှင်းကို ကြားရသေးတာ။
" မင်းက ဘယ်လိုလူမျိုးကို ရင်ခုန်တတ်လဲ တိမ်ယော် "
ဖြေချင်စိတ် မရှိပေမဲ့ သူ့မေးခွန်းကို တိမ်ယော် လျစ်လျူမရှုနိုင်ပါ။
" မဟာဆန်သူတွေပေါ့ နွဲ့နှောင်းတယ် သိမ်မွေ့တယ် မိန်းမဆန်တယ် အိန္ဒြေရှိတယ် မိန်းမတစ်ယောက် အကျင့် အကြံတွေနဲ့ နီးနီးနားနား နေတတ်တဲ့ သူတွေ အဲ့လို သိက္ခာလှလှလေးတွေ "
" ဟုတ်သလား "
စီးကရက်မီးခိုးတွေ ရောထွေးနေတဲ့ သူ့မျက်နှာကို တိမ်ယော်် ငေးကြည့်မိတယ်။စွဲမက်စရာအလှ။ပူပူလောင်လောင်လို့ ပြောရမလား။အဲ့လောက်လည်း မပူလောင်ပါဘူး။တိမ်ယော်က မိန်းမတစ်ယောက်ကို စီးကရက်နဲ့ တွဲမြင်တိုင်း မုန်းနေမိတဲ့ ဗီဇကလေး ရှိလို့သာ။တိမ်ယော့် ယောက်ျားလေး သူငယ်ချင်းတွေရဲ့ စကားကို သုံးရရင် ရူးသွားနိုင်တဲ့ မိုက်ချက်တွေ။ဟုတ်တယ်။မာရည်ကြောရည် အဲ့ဒီမျက်နှာထားက စီးကရက်တွေ မှုတ်လွတ်တဲ့အခါ ရူးချင်စရာကောင်းအောင် မိုက်လွန်းလှသည်။ဖိုးဖိုးကြီးရဲ့ တရားတွေနဲ့သာ စိမ်းသက်မနေခဲ့ရင် လရောင်အောက်မှာ ရပ်နေတဲ့ တိမ်ယော်က ဝံပလွေရိုင်း တစ်ကောင် ဖြစ်သွားနိုင်တယ်။
YOU ARE READING
ပင်လယ်ပြာပြာ ရေပြာပြာ ဗေဒါဘာကြောင့် စိမ်းရတယ်
Fantasy" ပင်လယ်ထဲမှာ ဗေဒါ ရှိလို့လား သက်လျာ " " တို့ပင်လယ်မှာတော့ ရှိတယ် ယော် " &&&&&& " ဗေဒါက ဘာလို့ အစိမ်းရောင်လဲ " " ကောင်းကင်နဲ့ ပင်လယ်က ပြာနေလို့ပေါ့ ယော်ရယ် "