အခန်း ၉
တိမ်စိုင်ဆိုတာ ကောင်းကင်ရှိမှ ဖြစ်တည်လာတဲ့ ရေခိုးရေငွေ့တွေပါ။ကောင်းကင်ပြာနဲ့ တိမ်ဟာ အတူတွဲဖက်ရှိနေမှ သဘာ၀တရားက ပိုလှလေရဲ့။တစ်ဖက်က လက်မခံတောင် တစ်ဖက်သတ် ဖြစ်တည်ရခြင်းမှာ ပျော်မွေ့နေတဲ့ တိမ်စိုင်လေးတွေ။အဲ့ဒီအကြောင်း ချစ်ရတဲ့ အမျိုးသမီးကို ပြောပြချင်တယ်။သူ့အနား ကြောင်လေးတစ်ကောင်လို ပွတ်သီးပွတ်သပ် တိုးဝှေ့နေချင်တယ်။စကားတွေ တီးတိုး ပြောချင်တယ်။ချစ်မိလာတဲ့ နောက်ပိုင်း စိတ်ရှိလာတဲ့ ဆန္ဒလေးတွေ ထင်ပါရဲ့။
သီချင်းသံတွေ ကြားရင် သူ့ကို လွမ်းတယ်။ပန်းလှလှတွေ မြင်ရင် သူ့ကိုပါ ပြချင်တယ်။အရာရာတိုင်းက တည်ငြိမ်နေရင်တောင် ရင်ခုန်သံက အမြဲ ဖျော့ဖျော့တော့တော့လေး လှိုက်ဖိုနေတာ။ချစ်ခြင်းဟာ ဒီလို သိမ်မွေ့တတ်တာလား။
မနက်စောစော မထတတ်တဲ့ တိမ်ယော်က အခုလည်း ခြံထဲဆင်းပြီး မနေ့က ၀ယ်ပြီး စိုက်ထားတဲ့ ပန်းပင်တွေ ရေလောင်းနေရတယ်။တာ၀န်တစ်ခုလို့ မမြင်မိတဲ့ ဘ၀ရဲ့ နှစ်သက်ရာတွေပေါ့။အင်း.... ချစ်မိသွားတဲ့ နောက်ပိုင်းရဲ့ အကျိုးဆက်တွေ။
" စောစောစီးစီး ထလို့ပါလား "
ဗမာစောစော ရှမ်းထန်းတောပြန်တဲ့။တိမ်ယောထတဲ့ စောစောဆိုတာက အန်တီနုနွယ် တစ်ယောက် အပြင်သွားဖို့တောင် ထွက်လာပြီ။
" အန်တီနုနွယ်က ကျောင်းသွားတော့မှာလား "
သူ့အိတ်ကို တစ်ခုခု နှိုက်ရှာနေရင်းမှ တိမ်ယော့်ကို စောင်းကြည့်လာတယ်။ဆံပင်လိမ်ကောက်ကောက်လေးတွေက မနေ့ကမှ ပုံသွင်းလာပုံရတယ်။ဆံပင်ပုံစံအသစ်နဲ့ အန်တီနုနွယ်က တော််တော်ကြည့်လို့ကောင်းတာပဲ။
" ဒီအချိန် သွားစရာလားဟ .... သက်လျာနဲ့ ပရောဂျက်တစ်ခု လုပ်စရာရှိလို့ တစ်နေရာ သွားရမှာ "
" ဪ "
မနေ့ကမှ ၀ယ်လာတဲ့ နှင်းဆီအိုးမှာ အငုံလေးတစ်ပွင့် ပါလာတယ်။ဒီမနက်ကျတော့ သူလေးက လတ်လတ်ဆတ်ဆတ် ပွင့်နေတယ်။အဲ့ဒါကို အန်တီနုနွယ်က မျက်စောင်းထိုးနေပုံရတယ်။
YOU ARE READING
ပင်လယ်ပြာပြာ ရေပြာပြာ ဗေဒါဘာကြောင့် စိမ်းရတယ်
Fantasy" ပင်လယ်ထဲမှာ ဗေဒါ ရှိလို့လား သက်လျာ " " တို့ပင်လယ်မှာတော့ ရှိတယ် ယော် " &&&&&& " ဗေဒါက ဘာလို့ အစိမ်းရောင်လဲ " " ကောင်းကင်နဲ့ ပင်လယ်က ပြာနေလို့ပေါ့ ယော်ရယ် "