အခန်း ၁၃" သက်လျာ ....ကျွန်မ လာမယ်နော် "
" လာချင်တာ လာပေါ့ကွယ် ဘယ်သူက တားနေလို့လဲ "
စေ့ထားတဲ့ အခန်းတံခါးရှေ့ ရပ်မိတော့ တံခါးမခေါက်တော့ပဲ အသံပေးတော့ အထဲမှ သက်လျာက စိတ်မရှည်ဟန်လေး တုံ့ပြန်လာတယ်။တိမ်ယော် ၀င်သွားလိုက်တော့ သက်လျာက အခန်းတွင်းက သက်တောင့်သက်လျာ လှဲလို့ရမဲ့ ဆိုဖာပေါ်ထိုင်ကာ ဆံနွယ်ရှည်တွေကို စည်းနှောင်ထားခြင်း မရှိ။ လပ်တော့ပ်တစ်လုံးနဲ့လည်း အလုပ်ရှုပ်ပြန်သည်။ကြိုးတစ်လုံး ညအိပ်ဂါ၀န်အပါးလေးကြောင့်လည်း ဖြူဥနေတဲ့ ပခုံးသားတို့က အထင်းသား လှပနေသည်။
မသင့်တော်တဲ့ အကြည့်တွေမို့ ချက်ချင်းလွှဲကာ အခန်းတွင်းက နံရံတွေသာ ရောက်တတ်ရာရာ လှည့်ကြည့်နေမိတော့သည်။အများစု ချိတ်ဆွဲထားတာက သဘာ၀အလှတွေကို ကျွမ်းကျင်စွာ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေပင်။သက်လျာက ဓာတ်ပုံတွေကို စုဆောင်းရတာ ဝါသနာ ပါရဲ့ထင်တယ်။
အလုပ်ပြီးသွားပုံရတဲ့ သက်လျာက ဖန်စားပွဲခုံ ပုပုပေါ်က စာရွက်စာတမ်းတွေကို အံဆွဲထဲ ထည့်သိမ်းပြီး လပ်တော့ကို အံဆွဲပေါ်မှာ ပိတ်ကာ ထားလိုက်သည်။မျက်မှန်ဘူးလေး ထားသည်ကမှအစ အ၀တ်ဗီရို နေရာထားပုံတွေအထိ စည်းစနစ် ကျလွန်းလှသည်။အခန်းတွင်းက ပစ္စည်းတွေက နေရာတကျ ရှိသလို အခန်းကလည်း ရှင်းလင်းနေပြန်ရော။
" အိပ်ချင်ပြီလား "
" ဟုတ် "
မအိပ်ချင်သေးပေမဲ့ သက်လျာရဲ့ ရီဝေဝေ အကြည်ရောင် မျက်၀န်းတွေကြောင့် အိပ်မှ ဖြစ်မည်ဟု တွေးလိုက်မိသည်။
မီးရောင်အောက်မှာ သက်လျာရဲ့ အပြုံးတွေက နူးညံ့နေသယောင်ရှိတယ်။ အရယ်အပြုံးရှားတတ်တဲ့ မိန်းမရဲ့ အဖိုးတန် အလှလေးတွေ။သူ့လှုပ်ရှားပုံတွေကို တိမ်ယော် မဝံ့မရဲ ငေးနေစဉ်ပဲ တိမ်ယော့်ကို ကျောပေးကာ ခုတင်ပေါ်မှာ ထိုင်ချလာတယ်။ကျောပြင်ကို ငေးကြည့်ရုံတင် ချစ်မိတာ ထိုက်တန်တဲ့ မိန်းမဆိုတာ သက်လျာကို ရည်ညွှန်းခဲ့သလား တွေးမိတယ်။သက်လျာ ဘာတွေ လုပ်နေလဲ မသိပေမဲ့ အခန်းတွင်း ဟိုလျှောက် ဒီလျှောက်နဲ့ တိမ်ယော်၀င်လာကတည်းက ခုထိ အေးဆေးထိုင်မနေသေး။တိမ်ယော်ကတော့ သူ့ကို စောင့်ကြည့်ရင်း မျက်ခွံတို့က တဖြည်းဖြည်း လေးပင်လာတော့သည်။
YOU ARE READING
ပင်လယ်ပြာပြာ ရေပြာပြာ ဗေဒါဘာကြောင့် စိမ်းရတယ်
Fantasy" ပင်လယ်ထဲမှာ ဗေဒါ ရှိလို့လား သက်လျာ " " တို့ပင်လယ်မှာတော့ ရှိတယ် ယော် " &&&&&& " ဗေဒါက ဘာလို့ အစိမ်းရောင်လဲ " " ကောင်းကင်နဲ့ ပင်လယ်က ပြာနေလို့ပေါ့ ယော်ရယ် "