အခန်း(၁၃)

28 1 0
                                    

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်

အခန်း(၁၃)

မိန်း ခေါင်းထဲမှာ နောက်ကျိနေလေသည်။ မျက်လုံးကို အားယူပြီးဖွင့်ကြည့်လိုက်၏။ ချက်ချင်းပြန်ပိတ် သွားသည်။ သူမ လက်တွေကိုလှုပ်ရှားကြည့်တော့လည်း လှုပ်ရှားရတာ တစ်ယောက်ယောက်က သူမလက်ကို ဆုပ်ကိုင်ထားသလိုလို။ သူမ လှုပ်ရှားလို့မရခဲ့။

မိန်း မျက်လုံးကိုကြိုးစားပြီး ဆက်ဖွင့်လိုက်ကြည့်သည်။ တဖြည်းဖြည်းချင်း သူမ ဖွင့်လာနိုင်ခဲ့၏။ မျက်နှာကျက် မီးလုံးတွေက မစူးရှတဲ့အတွက် သူ မျက်လုံးကိုကြိုးစားပြီး ဖွင့်လိုက်သည်။ လက်ကတော့ တစ်ယောက်ယောက် က တင်းကြပ်စွာဆုပ်ကိုင်ထားသလိုဖြစ်နေသဖြင့် လှုပ်ရှားဖို့ရာ ခက်ခဲနေလေသည်။

မိန်း မျက်နှာကိုဖြည်းဖြည်းချင်းစောင်းကာ သူမလက်ကိုကိုင်ထားတဲ့သူကို လှည့်ကြည့်လိုက်သည်။

"ဟင် --- ကိုကို --- "

သူမ စိတ်ထဲကသာ ခေါ်လိုက်မိသည်။ ပါးစပ်ကတော့ အသံထွက်မလာခဲ့။ ကိုကိုက မိန်းလက်ကိုကိုင်ထားကာ ကုတင်ပေါ်မှာ မျက်နှာကိုမှောက်ပြီး အိပ်နေလေသည်။ ကိုကိုက မနေ့ကအဝတ်အစားတွေနှင့်ပင်။ မနေ့ကအဖြစ်ကိုပြန်တွေးကာ မိန်း မျက်လုံးအစုံဟာ ပြူးကျယ်သွားလေတော့သည်။

ဖေဖေမေမေတို့ရော ---- မိန်း မျက်လုံးကိုဝေ့ကာ ရှာနေမိသည်။ သူမရှိနေသောအခန်းထဲတွင် သူမနဲ့ကိုကို နှစ်ယောက်ထဲသာရှိကြ၏။ ဘယ်သူ့မှလည်းမတွေ့။ ဒါ မိန်းအခန်းလည်းမဟုတ် --- ကိုကို့အခန်းလည်းမဟုတ် --- သေချာပါတယ် ဒါ မိန်းတို့အိမ်မဟုတ်ဘူး --- မိန်း --- မိန်း ဘယ်ရောက်နေတာလဲ ---- ဆေးရုံကိုလား ---

မိန်း အားယူပြီး သူမလက်ကိုဆုပ်ကိုင်ထားတဲ့ ကိုကိုလက်ကိုဆွဲလှုပ်လိုက်သည်။ ပါးစပ်ကနေလည်း

"ကိုကို --- ကိုကို ထပါဦး --- ကိုကို ---"

လင်း နားထဲမှာ ကိုကိုလို့ခေါ်သံကိုကြားနေရသည်။ အိမ်မက်လား မသဲကွဲ။ သူ့အိမ်မက်ထဲမှာ ညီမလေးက သူ့ကို မြနဲ့လက်ထပ်လို့ စိတ်ကောက်နေလေသည်။ သူ ဘယ်လောက်ပဲချော့ချော့ ညီမလေးက စိတ်ဆိုးမပြေခဲ့။ နှုတ်ခမ်းဆူကာ သူ့ကိုကျောခိုင်းထားလေသည်။ အခု ညီမလေးက သူ့ကို ကိုကိုလို့ခေါ်နေတာလား ---- သူ့လက်ကိုလည်း တစ်ယောက်ယောက်က လှုပ်နေသလိုလို။ လင်း မျက်လုံးဖွင့်ကြည့်လိုက်တော့ ညီမလေး မျက်လုံးပွင့်ကာ သူ့ကိုခေါ်နေတာကို တွေ့လိုက်ရလေသည်။

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်Where stories live. Discover now