သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်
အခန်း(၃၁)
*** ဇာတ်သိမ်းပိုင်း ***
"ခဏလေးပါ သတို့သားရယ် ဘယ်လိုဖြစ်နေရတာလဲ ---"
အလှပြင်ပေးတဲ့ မာမီက မြင့်မိုရ်ကို မျက်စောင်းထိုးကာပြောလိုက်တော့ မိန်းရယ်လိုက်လေသည်။
"အပြင်မှာစောင့်နေပါ ကိုကြီးရယ် --- မိန်းလည်း ပြီးတော့မှာပဲကို ---"
မျက်နှာကိုမိတ်ကပ်ပြင်နေတာမို့ မိန်းက စကားပြောရတာအဆင်မပြေပေ။ မာမီကလည်း မျက်စောင်းတထိုးထိုး။ မြင့်မိုရ်ကလည်း တဂျီဂျီ။ ကြားထဲကနေ မာမီက စိတ်ညစ်နေပုံပင်။
"ကဲပါ သတို့သားရယ် --- သတို့သမီးကို အလှဆုံးဖြစ်တာမြင်ချင်တယ်ဆို အပြင်ထွက်နေပေးပါ --- ဒီမှာ သတို့သားပြောသမျှကို သတို့သမီးက ပြန်ပြောနေရတော့ အလှပြင်ရတာအဆင်မပြေတော့ဘူး --- သတို့သမီးကလည်း စကားကိုမပြောဘဲ မနေဘူး --- တစ်ခွန်းမကျန်ကိုပြန်ပြောနေတာပဲ --- အရမ်းကိုချစ်ကြတယ်နော် --- သတို့သားကလည်း မျက်စိအောက်ကနေတောင် အပျောက်မခံတော့ဘူး --- ခဏနေပဲ မင်္ဂလာဆောင်ရတော့မယ့်ဟာကို --- ငါ့နှယ် စိတ်ညစ်လိုက်တာနော် --- "
မာမီက ခေါင်းကုတ်ပြီးပြောလိုက်တော့ မြင့်မိုရ်နဲ့မိန်းရယ်လိုက်ကြလေသည်။
"သတို့သမီး အရမ်းမရယ်နဲ့ဦး --- မိတ်ကပ်ကတစ်ထပ်ပဲလူးရသေးတာ --- ပျက်သွားဦးမယ် ---"
"ဟုတ် မာမီ --- ကိုကြီး အပြင်မှာစောင့်နေနော် --- တော်ကြာ မာမီက ကိုကြီးကိုရိုက်ထုတ်နေဦးမယ် ---"
"ဟုတ်ပါပြီ --- ဒါဆို ကျွန်တော်အပြင်မှာပဲ စောင့်နေပါ့မယ် -----"
မြင့်မိုရ် ပြောပြီးအပြင်ထွက်သွားတော့မှ မာမီရယ်လိုက်ကာ
"သတို့သားက သတို့သမီးကို တော်တော်ချစ်တာပဲနော် --- မျက်လုံးအောက်ကကို အပျောက်မခံနိုင်တာ --- ဒါတောင်မှ အတင်းမောင်းထုတ်နေလို့ --- သတို့သမီးကတော့ အရမ်းကံကောင်းတာပဲနော် --- အခုလို တည်ကြည်ခန့်ညားတဲ့ယောကျာ်းမျိုးနဲ့ အိမ်ထောင်ပြုရမှာ ---"
မိန်းပြုံးလိုက်မိသည်။ ဘာမှတော့ပြန်မပြောမိ။ မိန်းလည်းသိနေပါတယ်။ ဒါပေမယ့် ကိုကြီးဘာကိုစိတ်ပူနေမှန်းတော့မသိ။ မင်္ဂလာမဆောင်ခင်ကတည်းက မိန်းကိုစကားတွေအများကြီးပြောခဲ့သည်။ မိန်းကို ကိုကြီးစိုးရိမ်နေ၏။ ဟုတ်တယ် မာမီပြောသလိုပဲ မျက်လုံးအောက်ကကို အပျောက်မခံတော့။
YOU ARE READING
သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်
Romanceသူတို့မိသားစုပိုင်ကုမ္ပဏီနဲ့ မိသားစုရဲ့အနာဂတ်ကို ကယ်တင်နိုင်မယ့်သူက သူတစ်ယောက်ထဲပဲရှိတယ်။ သူ့နာမည်က "လင်း"။ ဒါကလည်း မြချယ်ရီနဲ့လက်ထပ်မှပါ။ အဲ့ဒါမှ မြချယ်ရီတို့မိသားစုက သူတို့မိသားစုကို ကူညီမယ်တဲ့လေ။ မြချယ်ရီက လင်းကို တစ်ဖက်သတ်ချစ်နေရသူ။ လင်းကတော့ သူ...