Complicated 19
" မနက်ဖြန်စာမေးပွဲဖြေရတော့မှာဆိုတော့ အားတက်အောင် ကိုကြီး မုန့်လိုက်ကျွေးမယ် "
မနက်ရှစ်နာရီကျော်ကျော် အိမ်ကိုပေါက်ချလာသည့်ကိုကိုကြီး၏စကားအဆုံးမှာ သူတို့တွေ ရေး...ခနဲထအော်မိကြသည် ။ မနက်ဖြန်ဖြေရမည့်ဘာသာအတွက် ပြင်ဆင်ရတော့မည်ဆိုသော်လည်း သူတို့တွေ အဆင်သင့်မဖြစ်ချင်သေးပါ ။ အမှန်တကယ်က မနက်ဖြန် ဆယ်တန်းစာမေးပွဲကြီးစတင်တော့မည်ဆိုတာကို လက်မခံချင်သေးခြင်းလည်းဖြစ်သည်။
" ကျွန်တော် မလိုက်တော့ဘူးဗျ "
မြတ်မင်းဆီမှ ထိုသို့ထွက်လာလောက်မည်မှန်း ရှိုင်းထက်သိပါသည်။ တစ်အိမ်တည်းတောင် မဖြစ်မနေမို့နေ,နေသည့်မြတ်မင်းက ထင်ထားတာထက် သူတို့နှင့်စိမ်းနေပြီး ပြည့်လျှံရှိလို့သာတော်သေးတာဖြစ်သည် ။ မင်းသီဟနှင့်ရန်ဖြစ်လျှင်သာ လက်သွက်သော်လည်း အနေတည်သည့်မြတ်မင်းခံ့က နဂိုကတည်းက အနေလည်းအေးပါ၏။ မထင်ရင်မထင်သလို ဆူညံပွက်လောရိုက်နေတတ်သည့်သူတို့နှင့်မတူဘဲ ဆိတ်ဆိတ်နေတတ်သည့်မြတ်မင်းက သူငယ်ချင်းမရှိတာလည်းမပြောနှင့် ။ တသီးတသန့်သိပ်နေတတ်လွန်းတာမဟုတ်လားလေ ။
" အင်း... မြတ်မင်းအတွက်က မုန့်ဝယ်ခဲ့လိုက်တာပေါ့ "
အရိပ်အကဲခတ်တတ်သည့်ကိုကိုကြီးကလည်း မြတ်မင်းကိုအတင်းမခေါ်ပါ ။ သည်အိမ်မှာနေသည့် တစ်ပတ်ကျော်ကျော်အတွင်း ကိုကိုကြီးက သူတို့ဆီကို နေ့တိုင်းလာပြီး လိုအပ်တာမှန်သမျှလာမေးတတ်သည်မဟုတ်ပါလား ။ ကျူရှင်မှပြန်လာချိန်တိုင်း သူ့အိမ်မှာလာနေတတ်သည့်မင်းရဲနှင့်တောင် သူ့သူငယ်ချင်းတွေက တော်တော်လေးခင်မင်နေပြီဖြစ်၏။
" လာ သီဟ ငါတို့အရှေ့ကသွားမယ် "
မျက်နှာမသာမယာနှင့်သီဟကို ကြည်သာကဆွဲခေါ်သွားသည့်နောက် သူတို့တွေလည်း အနောက်မှလိုက်ထွက်ခဲ့ပါသည် ။ ပါပါးနှင့်အန်တီစုက မနက်စောစောကတည်းက အိမ်ခဏပြန်သွားသဖြင့် အိမ်မှာ မြတ်မင်းတစ်ယောက်တည်းကျန်ခဲ့လိမ့်မည်။
" ငါ အဖော်နေပေးခဲ့ရမလား "
မြတ်မင်းကိုစိတ်မချသည့်ပြည့်လျှံအသံကို အိမ်ထဲမှထွက်လာရင်း ရှိုင်းထက်ကြားရသည် ။