♡ EPISODE ONE ♡

111 21 4
                                    

[ပစ္စုပ္ပန်]

.♡.﹀﹀﹀﹀﹀﹀﹀﹀﹀﹀.♡.

"ဟာ...ရေမွှေးနံ့ကြီးးး"

သေချာပေါက် စိတ်ထဲက ကျိန်ဆဲနေတာ ဆိုပေမဲ့...အောက်စီဂျင်က သူ ပြေးဝင်လာရမဲ့ အပေါက် ပျောက်နေပြီလို့ ငိုကြီးချက်မ လာညည်းပြတာနဲ့ပဲ...ကိုယ့်ဘာသာကိုယ် မထိန်းလိုက်နိုင်ခင်မှာ အတွင်းစိတ်ထဲက စကားသံက အပြင်ကို လွှတ်ခနဲ ထွက်သွားတယ်။

ဘန်မွန်းချယ် ဆိုတာ နဂိုကတည်းက ဣန္ဒြေလေးနဲ့ တိုးတိုးညင်းညင်း စကားမပြောတတ်တာက တစ်ကြောင်း..အတန်းထဲ လူ သိပ်မရှိသေးတာက တစ်ကြောင်းကြောင့်..ဒီအသံရဲ့ ပျံ့ပွားနှုန်းက အရှေ့ခုံတစ်တန်းအကျော်အထိ အေးဆေး ကူးခတ်သွားခဲ့မှာလည်း ကျိန်းသေတယ်။ ဘေးမှာ ထိုင်နေတဲ့ အီဆူးလ်ကတော့ လက်မောင်းကို တံတောင်နဲ့ လာတွတ်တယ်။ တိုးတိုးသက်သာပြောပါပေါ့။ ဘယ်လိုလုပ်မလဲ။ ထွက်နှင့်ပြီးသား အသံလည်း ပါးစပ်ထဲ အတင်း ပြန်ထိုးထည့်လို့မှ မရတာ။ အိမ်က ထွက်မလာခင် ရေမွှေးတစ်ပုလင်းလုံး အဖုံးဖွင့်ပြီး လောင်းချလာသလား ထင်ရတဲ့ ကာယကံရှင်ကတော့ အရှေ့ခုံတစ်တန်းအကျော်ကနေ အနောက်ကို ခေါင်းစောင်းပြီး လှည့်ကြည့်တယ်။ မျက်လုံးချင်း ဆုံသွားတဲ့အခါ မွန်းချယ် တမင်တကာ နှာခေါင်းကို ရှုံ့ပစ်လိုက်တယ်။

"အီဆူးလ်.. နှာခေါင်းစည်း မက်စ် မပါဘူးလား.. ပါရင် တစ်ခုပေး"

"Unnieeeee အဲဒါ စီနီယာနော်"

အီဆူးလ်အသံက ပုရွက်ဆိတ်တွေ ဖြည်းဖြည်းချင်း ထမင်း ဝါးနေတဲ့ အသံလောက်လေး ဆိုပေမဲ့ မွန်းချယ်အသံကတော့ အီဆူးလ်နဲ့ ဆန့်ကျင်ဘက် အဝေးပြေးလမ်းမပေါ်မှာ။

တစ်ချို့ကလည်း သူတို့ပြောချင်နေတဲ့ စကားကို မွန်းချယ်က အစား ပြောပေးလိုက်လို့ ကျေနပ်သွားတဲ့ မျက်နှာတွေနဲ့ ပြုံးစိစိ ဖြစ်နေကြတယ်။

ဘယ့်နှယ်။ ဒီအတိုင်းဆို မြိုသိပ်ထားမိမှာပါ။ ဒါပေမဲ့ ဒီ ရေမွှေးအနံ့ကြီးကတော့ ထုတ်မပြောဘဲ မနေနိုင်လောက်အောင် တအား ပြင်းလွန်းတယ် မဟုတ်ဘူးလား။

"အတန်းချိန် မိနစ် လေးဆယ်လုံး အဲဒီ ရေမွှေးနံ့ ရှူနေရရင် အတန်းပြီးပြီးချင်း ငါ ပန်းနာရင်ကြပ် စွဲသွားလိမ့်မယ်.. မက်စ် မရှိဘူးလား"

Smells Like Oxytocin (Completed)Where stories live. Discover now