[HARU X HANHAE]
.♡.﹀﹀﹀﹀﹀﹀﹀﹀﹀﹀.♡.
"ပျော်စရာ နေ့တစ်နေ့ ဖြစ်ပါစေ ခင်ဗျာ"
ဟာရူ အလုပ်လုပ်တဲ့ ကော်ဖီဆိုင်နာမည်က 'ပျော်စရာ နေ့တစ်နေ့' တဲ့။ အဲဒါကြောင့် ကာစတန်မာတွေရဲ့ အော်ဒါကို လက်ထဲ ထည့်ပေးပြီးတိုင်း 'ပျော်စရာ နေ့တစ်နေ့ ဖြစ်ပါစေ' လို့ ရေရွတ်ပေးရတာက ဒီ ဆိုင်က ဝန်ထမ်းတွေရဲ့ ဝတ္တရားတစ်ခုလို ဖြစ်နေတယ်။ နေ့တိုင်းနေ့တိုင်း ကိုယ့်နာမည်ကိုယ် 'ပျော်စရာ' ဆိုတဲ့ စကားလုံးနဲ့ တွဲသုံးရတာကို ဟာရူ အခုထိ စိတ်ထဲ အသား မကျသေးဘူး ဆိုပေမဲ့ ငြီးငွေ့စရာကောင်းအောင်လို့ တစ်ရက်ကို ပျမ်းမျှ အခါ 50 လောက် ကာစတန်မာတွေကို ပျော်ခိုင်းပြီးတဲ့နောက်မှာ အခုဆို နှုတ်က မသွက်ချင်လည်းပဲ တဖြည်းဖြည်းနဲ့ သွက်လာနေပြီ ပြောရမယ်။ ဒီ ဆိုင်ကို စပြီး ရောက်တုန်းကဆို ကော်ဖီလာဝယ်တဲ့ ကာစတန်မာတွေရဲ့ရှေ့မှာ ဟာရူ့အသံက "ပျော်စရာ နေ့(အဟမ်း)တစ်နေ့(အဟမ်း) ဖြစ်ပါစေ ခင်ဗျာ(အဟမ်း)" ဆိုပြီး တိုင် အထပ်ထပ် ပတ်နေဖူးတာလေ။ ဒါပေမဲ့ ကော်ဖီဆိုင်သူဌေး ဘယ်လောက်ပဲ ချော့တစ်ခါ ခြောက်တစ်လှည့် မာန်မဲနေပါစေ အခုထိ ကာစတန်မာတွေရှေ့ ပြုံးပြဖို့ကိုတော့ ဟာရူ သဘောမတူမိသေး။ သေချာတာက အနာဂတ်မှာလည်း ကာစတန်မာတွေကို ဘယ်တော့မှ ပြုံးပြဖြစ်မှာ မဟုတ်ပါဘူး။
"Shot အပို ထည့်ထားတဲ့ Lemon Ice Tea နဲ့ Americano အပူတစ်ခွက် ပေးပါနော်.. နှစ်ခွက်လုံး ပုံမှန် Size နဲ့ပဲ ယူပါမယ်"
"ကျသင့်ငွေ ဝမ် 13500 ပါ.. Card နဲ့ ရှင်းမလား Cash နဲ့ ရှင်းမလား ခင်ဗျ"
"အချစ်တွေနဲ့ ရှင်းရင်ရော ရလားဗျ"
အော်ဒါ မှာနေတာ မိန်းကလေး အသံ ဆိုပေမဲ့ အနောက်က ပါလာတဲ့ ရွတ်နောက်နောက်စကားပေါ် ဝန်းရံထားတာက ယောက်ျားလေးတစ်ယောက်ရဲ့အသံ။ အဲဒါမို့ မျက်လုံးတွေကို ဆတ်ခနဲ အပေါ် မော့ပြီး ဟာရူ လှမ်းကြည့်လိုက်တယ်။ မိန်းကလေးက ဟာရူ တစ်ခါမှ မမြင်ဖူးတဲ့ သူစိမ်း။ ဒါပေမဲ့ မိန်းကလေးဘေးမှာ ရပ်နေတဲ့ ယောကျ်ားလေးကတော့ နည်းနည်းလေးမှ သူစိမ်း ဟုတ်မနေ။
"အခုတော့ လုပ်ငန်းခွင်အထိပါ လာနှောင့်ယှက်နေပြီပေါ့ ..? စတိုးဆိုင်မှာ ရေခဲခွက်နဲ့ ကပ်ရတာ အားမရလို့လေ..?"
YOU ARE READING
Smells Like Oxytocin (Completed)
Romanceမရှူရှိုက်ဘဲ နေလို့ မဖြစ်တဲ့ အသက်ဓာတ်တစ်ခုလိုမျိုး... အချစ်ဟာ လေထုထဲ သဘာဝကျကျ ပျံ့လွင့်လာခဲ့တယ်...။