♡ EPISODE SIX ♡

59 17 2
                                    

"စိတ်..ဝင်..စား..နေ..တယ်..လို့..ပြောလိုက်တာလား..?"

ဘတ်စ်ကား စီးလာတဲ့ တစ်လျှောက်လုံးလည်း တစ်စက္ကန့်မှ မနားဘဲ စဉ်းစားလာမိသလို၊ ဘတ်စ်ကားဂိတ်ကနေ အိမ်ကို ပြန်လာတဲ့ တစ်လမ်းလုံးလည်း အတွေးယာဉ်ကြောထဲ ကျပ်ကျပ်ညပ်ညပ် ပိတ်မိနေသေးတာမို့ မွန်းချယ်ရဲ့ဦးနှောက်အင်ဂျင်က တော်တော်လေးတော့ ပူကျစ်နေပြီ။

အိမ်ထဲ ရောက်ရောက်ချင်း ကြက်ကြော်လေး တစ်ကိုက် ကိုက်လိုက် ဘီယာလေး တစ်ငုံ သောက်လိုက် လုပ်ပြီး သာယာနေတဲ့ ဘန်ထယ်ဆော့ခ်ကို မြင်တာတောင် အရင်လို ခြေနဲ့ ကန်ကျောက်၊ အတင်း လုစားဖို့ မွန်းချယ် အာရုံ မရတော့ဘူး။ အဲဒါကြောင့် ဖြစ်မယ်။ ဘန်ထယ်ဆော့ခ်လို ကောင်ကတောင် "စားမလား" ဆိုပြီး မမေးစဖူး လာမေးတယ်။ မသိရင်တော့ စေတနာအပြည့်နဲ့ အစ်ကိုကြီးပေါ့။ တကယ်က စားမလား မေးလည်း မွန်းချယ်က စားမဲ့ပုံ ပေါ်မနေလို့ တမင် စေတနာရှိချင်ဟန်ဆောင်တာ။

"မြို..ကိုယ့်ဘာသာကိုယ်"

"ငါ ကိုက်ထားတဲ့ အရိုး စားမလား မေးတာ"

ဆိုဖာပေါ် တင်ထားတဲ့ ခေါင်းအုံးနဲ့ ကောက်ပေါက်လိုက်တယ်။ ဒါပေမဲ့ ပစ်မှတ်ကို လွဲသွားတာမို့ သကောင့်သားက ကြက်ကြော် စားရင်းနဲ့ ပုခုံးတွန့်ပြီး ကတယ်။ တီကောင်ကြီး ဆားတို့ခံထားရသလိုပဲလို့ ပြောမလို့ ဆိုပေမဲ့ ဒီနေ့တော့ ရန်ဖြစ်ဖို့ စိတ် ပါမနေတာမို့ မွန်းချယ် ကိုယ့်အခန်းထဲပဲကိုယ်ဝင်လာပြီး တံခါးကို လော့ခ်ချလိုက်မိတယ်။

"သေချာပေါက်..စိတ်ဝင်စားနေတယ်လို့..ပြောလိုက်တယ်"

အပြင်ဝတ်အင်္ကျီကိုတောင် အိမ်နေရင်းဂါဝန်နဲ့ သွားမလဲနိုင်သေးဘဲ ကုတင်ပေါ်မှာ မွန်းချယ် ထိုင်နေဖြစ်တယ်။ ယောက်ျားလေးမို့လို့ လှတဲ့ မိန်းကလေးကို ဂရုထားမိတယ် ဆိုတဲ့ စကားနဲ့ အတူ မွန်းချယ်ကို စိတ်ဝင်စားနေတယ် လို့လည်း ဝန်ခံလိုက်တာ သေချာပါတယ်။ ပြီးတော့ လူတစ်ယောက်က လူတစ်ယောက်ဆီမှာ ငြိတွယ်တယ် ဆိုတဲ့ စကားတွေအထိလည်း မွန်းချယ် ကြားခဲ့ရသေးတယ် မဟုတ်လား။

"နေပါဦး..ငါက.. အဲဒီတော့.. အဲဒီတော့.. ငါက..ရည်းစားစကား အပြောခံလိုက်ရတာလား..!?"

Smells Like Oxytocin (Completed)Where stories live. Discover now