ရည်းစား ရသွားတဲ့ ပထမဆုံး ညနေခင်းမှာပဲ အိမ်က အစ်ကို လက်ဆွဲခေါ်လာတဲ့ ပြဿနာက အထုပ်တစ်ထုပ် ပိုက်ပြီး မွန်းချယ်ကို အဆင်သင့် စောင့်နေတယ်။
ရည်းစားလေးနဲ့ မိုးရေထဲ ထီးတစ်ချောင်းတည်း အတူ ဆောင်း၊ ချစ်ကြည်နူးတစ်တီတူးနေတဲ့ ဒုတိယညနေခင်းလည်းကျရော ဖောက်ပြန်သွားတဲ့ရည်းစားဟောင်းကောင်က အိမ်ရှေ့အထိ ရောက်နေပြီး ငိုပြယိုပြ၊ နောင်တတွေ လာရပြနေတာမို့ မွန်းချယ်မှာ အသစ်စက်စက် ရည်းစားလေးကို အားနာလွန်းလို့ အငွေ့တောင် ပျံချင်သွားရတဲ့ အဖြစ်ပါပဲ။
ဘတ်ဂျယ်ဟိုက မွန်းချယ် အသက် 17 နှစ်မှာ ပထမဆုံး တွဲဖူးတဲ့ ရည်းစားဦး။ မွန်းချယ်ရဲ့ စရိုက်က ငယ်ငယ်ကတည်းက သီးသန့်ဆန်တဲ့ဘက်ဆီ အလေးသာခဲ့ပြီး ဘတ်ဂျယ်ဟိုကတော့ သူငယ်ချင်းလည်း များတယ်၊ အပျော်လည်း မက်တယ်၊ ငွေပေါတဲ့ မိသားစုမျိုးရိုးက ဆင်းသက်လာပြီး နည်းနည်းလေးမှ မလိမ္မာခဲ့တဲ့ အဲဒီလို ကျောင်းသားပေါ့။ အထက်တန်းဒုတိယနှစ်မှာ ခုံတွေ ပြောင်းတော့ မွန်းချယ်နဲ့ ဘတ်ဂျယ်ဟိုက ဘေးကပ်ရပ် ဖြစ်သွားတယ်။ ဘတ်ဂျယ်ဟိုက ဆရာမ စာသင်နေရင်လည်း ဘယ်တော့မှ လိုက်မပြော၊ လိုက်နားမထောင်။ အိပ်ငိုက်ရင် ငိုက်နေ၊ မဟုတ်ရင်လည်း ဖတ်စာအုပ်မှာ ပုံတွေ လျှောက်ဆွဲနေတတ်တဲ့ အဆိုးအဆာမျိုး။ ပုံ လျှောက်ဆွဲတာက ကိစ္စ မရှိပေမဲ့ သူ ပုံလာဆွဲတဲ့ ဖတ်စာအုပ်က မွန်းချယ်ရဲ့ဖတ်စာအုပ် ဖြစ်နေတာကတော့ ကိစ္စ တော်တော်လေး ရှိသွားပြီ မဟုတ်လား။ မကျေနပ်တဲ့ မွန်းချယ်က သူ့ကို ရန်ဆောင်တဲ့အခါ သူက မွန်းချယ်ရဲ့လက်ဖမိုးပေါ်မှာ ပုံတွေ ဆက်ဆွဲတယ်။ ပုခုံးကို ထုရိုက်ပစ်ရင်လည်း မမှတ်။ ပြုံးပဲ ပြုံးနေတာ။ အဲဒီလိုနဲ့ ဆရာမဆီကနေ ငြိမ်ငြိမ်နေကြဖို့ မာန်မဲခံရတဲ့ လူက ဘတ်ဂျယ်ဟို တစ်ယောက်တည်း မဟုတ်တော့ဘဲ မွန်းချယ်ပါ အလိုတူအလိုပါ ဖြစ်လာရတဲ့ ရက်တွေ တဖြည်းဖြည်း စိပ်လာတယ် ဆိုပါတော့လေ။
ဆယ်ကျော်သက်ရင်ခုန်သံ ဆိုတာကလည်း တားရဆီးရ အခက်သား။ စကားနာ ထိုးရင်း၊ စိတ်တွေ ဆိုးရင်း၊ ပြန်ချော့တဲ့ အထိမ်းအမှတ်နဲ့ သူ ဝယ်ကျွေးတဲ့ ဂျယ်လီတွေ စားရင်းနဲ့ပဲ သံယောဇဉ်က တွယ်လာတယ်။ တစ်ရက်လောက် သူ ကျောင်းမလာရင် ဘာဖြစ်လို့များပါလိမ့်လို့ စိတ်ပူတတ်လာတယ်။ တခြားမိန်းကလေးတွေနဲ့ ရယ်နေတာ မြင်ရင် အလိုမကျဖြစ်ပြီး မှုန်ကုပ်နေမိတာက အကျင့်လို ဖြစ်လာတယ်။ ဒုတိယနှစ် နှစ်ဝက်စာမေးပွဲ အပြီးမှာတော့ ဘတ်ဂျယ်ဟိုကို သဘောကျနေပြီ ဆိုတာ ကိုယ့်ကိုယ်ကိုယ် လက်ခံလိုက်ရတယ်။ အဲဒီအချိန်မှာပဲ ဘတ်ဂျယ်ဟိုကလည်း ဖွင့်ပြောလာတာကြောင့် မွန်းချယ်တို့ တွဲဖြစ်သွားခဲ့ကြတယ်။
YOU ARE READING
Smells Like Oxytocin (Completed)
Romanceမရှူရှိုက်ဘဲ နေလို့ မဖြစ်တဲ့ အသက်ဓာတ်တစ်ခုလိုမျိုး... အချစ်ဟာ လေထုထဲ သဘာဝကျကျ ပျံ့လွင့်လာခဲ့တယ် ...။