"ရူးနေပြီ ရူးနေပြီ ရူးနေပြီ ရူးနေပြီ ရူးနေပြီ ရူးနေပြီ ရူးနေပြီ ရူးနေပြီ"
မနက် အိပ်ရာနိုးကတည်းက ကိုယ့်ဆံပင်ကိုယ် လုံးခြေပြီး တဖွဖွ ကြေညာနေမိတဲ့ နောင်တတရား။ အခု တက္ကသိုလ်ကျောင်း အဝင်အဝကို ရောက်လာတဲ့အထိလည်း ကိုယ့်နဖူးကိုယ် တဖြန်းဖြန်း ရိုက်ရင်း နောင်တတရားတွေကို ဆက် မွေးထုတ်နေမိတုန်း။
"သေတော့မှာပဲ..ရှက်ဖို့ ကောင်းလိုက်တာ.. သိက္ခာ မရှိဘူးလားဟာ ဘန်မွန်းချယ်ရေ"
မူးတုန်းကတော့ မူးနေလို့ မသိသာခဲ့ပေမဲ့ အမူးလည်း ပြေသွားရော ရှက်စိတ်က ခါချဉ်တွေလိုမျိုး အုံနဲ့ကျင်းနဲ့ ကိုယ်ပေါ် တရွရွ တက်လာတယ်။ ဒီအတိုင်း တက်လာတာတောင် မဟုတ်။ လူတစ်ကိုယ်လုံးကို ရစရာ မရှိအောင် နီရဲသွားတဲ့အထိ ကိုက်ပစ်ဖို့ ရည်ရွယ်ချက်နဲ့ တက်လာကြတာ။ ဖယ်ချ၊ သတ်ချလိုက်လို့လည်း မရတဲ့ ကိုယ်ပျောက်ခါချဉ်တွေ ဖြစ်နေတာမို့ မွန်းချယ်မှာ အောင့်သက်သက်နဲ့ပဲ နာကျင်မှုမှန်သမျှကို ကြိတ်မှိတ်မြိုသိပ်ထားရတဲ့ အဖြစ်။
"အန်ဒရီယာ ဒီနေ့ ကွန်ဒီရှင် မကောင်းတဲ့ ပုံပါလား"
လမ်းတစ်ဝက်မှာ အီဆူးလ်နဲ့ တွေ့တော့ မွန်းချယ်ရဲ့အပျက်ပျက်အယွင်းယွင်းဖြစ်နေတဲ့ မျက်နှာထားကြောင့် ကောက်ချက်တစ်ခု အချခံလိုက်ရတယ်။ မှန်နေတဲ့အတွက် ဘာမှ ပြန်မပြောဖြစ်ခဲ့။
"အဟီး..ဒါနဲ့ မနေ့က Kiss Scene က အရမ်း မိုက်တယ်လို့..သိလား.. ညီမသူငယ်ချင်းတွေလည်း အကုန် ပြောနေကြတာ.. နှစ်ယောက်က Chemi တအား မိတာပဲတဲ့.. နှစ်ယောက်လုံး သရုပ်ဆောင်ကလည်း ကွက်တိ.. ဇာတ်သိမ်းခန်းမှာ ညီမ နည်းနည်းတောင် ငိုမိသွားတယ်"
အီဆူးလ်က အပီအပြင် ချီးကျူးနေတာမို့ မွန်းချယ် ပုခုံးတွေကို ပို မတ်ထားလိုက်ပြီး စိတ်ကလည်း စောစောကထက် နည်းနည်း ပို ကြည်ချင်သလို ရှိသွားတယ်။ ဒါပေမဲ့ အဲဒါက အရှေ့က လျှောက်လာတဲ့လူကို မမြင်ရခင် အထိပေါ့။
"စီနီယာ..! ခုပဲ ပြောနေတာ.. အသက်ရှည်ဦးမယ်"
အပြာဖျော့ဖျော့ စပို့ရှပ်တစ်ထည်ကို လည်ပင်းကြယ်သီးဖြုတ်ပြီး ဝတ်ထားတဲ့ အဲဒီလူက အီဆူးလ်ရဲ့နှုတ်ဆက်စကားအတွက် အပြုံးရေးရေးတွေနဲ့ တုံ့ပြန်တယ်။ မွန်းချယ်ကို သူ လှမ်းကြည့်လိုက်တာ သိပေမဲ့ မွန်းချယ်ကတော့ အသက်နဲ့ အထပ်ထပ် ရင်းပြီး သူ့အကြည့်ထဲ ခြေချော်မလဲကျအောင် မျက်လုံးတွေကို တခြားနေရာ ပို့လိုက်မိတာ အသည်းအသန်။
YOU ARE READING
Smells Like Oxytocin (Completed)
Romanceမရှူရှိုက်ဘဲ နေလို့ မဖြစ်တဲ့ အသက်ဓာတ်တစ်ခုလိုမျိုး... အချစ်ဟာ လေထုထဲ သဘာဝကျကျ ပျံ့လွင့်လာခဲ့တယ် ...။