စောစောကမှ မိတ်ကပ် ပါးပါး လိမ်းထားပြီးပြီမို့ အခုတော့ ဆံပင်အောက်အဖျားတွေကို လိပ်လိပ်လေး ဖြစ်အောင် စက်နဲ့ ပုံသွင်းနေတုန်းမှာ မွေ့ရာပေါ် တင်ထားတဲ့ ဖုန်းဆီကနေ မက်ဆေ့ချ် နှစ်စောင် ဝင်လာသံ ကြားရတယ်။
မှန်တင်ခုံနဲ့ ကုတင်က သိပ်ပြီး မလှမ်းတဲ့ အကွာအဝေးမှာ ရှိတာကြောင့် မွန်းချယ် ထိုင်နေရင်းက ခေါင်းကို အနောက်လှည့်၊ အကြည့်နဲ့ တစ်ချက် စစ်ဆေးလိုက်တဲ့အခါ 'မိုးရွာတဲ့နေ့မှာ ငါ့ကို ထီးဝယ်ပေးခဲ့တဲ့ ယောက်ျား' ဆိုတဲ့ နာမည်ကို တွေ့လိုက်ရတာကြောင့် လက်တွေက ပလပ်ပေါက်ခလုတ်ကို အလိုအလျောက် ပိတ်မိသွားတယ်။ အဲဒီလူက အများအားဖြင့် ဖုန်းပဲ ဆက်လေ့ရှိတဲ့ လူ။ စာတို ပို့တာမျိုး မရှိဖူးတာမို့ မနက် စောစောစီးစီး ဘာများ လာပြောသလဲ အရမ်း သိချင်သွားပြီး မှန်တင်ခုံရှေ့မှာ ထိုင်နေတဲ့ မွန်းချယ်က မျက်တောင်တစ်ဖျတ်ခတ်စာအတွင်း ကုတင်ပေါ် နေရာပြောင်းသွားတယ်။
ပထမဆုံး ဝင်ထားတဲ့ မက်ဆေ့ချ်က [ရုပ်ချင်း တူလား] ဆိုတဲ့ စာ။
ဒုတိယ မက်ဆေ့ချ်ကတော့ ဓာတ်ပုံတစ်ပုံ။ဓာတ်ပုံကို ဖွင့်ကြည့်ကြည့်ချင်းမှာပဲ မွန်းချယ်နှုတ်ခမ်းတွေက မနက်ခင်းနေရောင်ခြည်ရဲ့သရုပ်ကို အမှီလိုက်ရင်း ပြုံးမိသွားတာ လင်းခနဲ။ ရုပ်ချင်း တူလား လို့ မေးရတဲ့ အကြောင်းအရင်းကတော့ တခြားကြောင့် မဟုတ်။ မနေ့ညက မွန်းချယ် လက်ဆောင် ပေးလိုက်တဲ့ ဖက်ထုပ်လေးကို သူ့မျက်နှာဘေးမှာ ကပ်ပြီး အဲဒီဖက်ထုပ်ရဲ့ရုပ်အတိုင်း တစ်ထပ်တည်း လိုက်လုပ်ပြထားလို့ပါပဲ။ မျက်လုံးနှစ်ဖက်ကို ကျစ်နေအောင် မှိတ်ထားပြီး ရယ်ကလည်း ရယ်နေလိုက်သေးတယ်။ တိုက်ဆိုင်တာလား မသိပေမဲ့ ဝတ်ထားတဲ့ ဆွယ်တာကတောင် ဖက်ထုပ်နဲ့ဆင်တူ ဆင်စွယ်ရောင်။
[သေချာမခွဲတတ်တော့လို့ ဘယ်ဘက်ကတစ်ခုက တကယ့် ဖက်ထုပ်လဲဟင်]
မွန်းချယ် နောက်လိုက်တဲ့ ပြန်စာကြောင့် ချက်ချင်းပဲ သူ့ဘက်ကနေ [ခိခိခိခိ] တွေ အများကြီး ရောက်လာတယ်။ ဓာတ်ပုံကို သေချာ ပြန်ကြည့်တော့ အနောက်မှာ ဒစ်ဂျစ်တယ်နာရီတစ်လုံး တွေ့ရပြီး နာရီမှာ ပေါ်နေတဲ့ အချိန်က 08:10 တဲ့။ ဒါဖြင့် ဒီ ဓာတ်ပုံကို အခုမှ ရိုက်ပြီး မွန်းချယ်ဆီ ချက်ချင်း ပို့ပေးလိုက်တယ် ဆိုတဲ့ သဘောပေါ့။ အဲဒီအတွေးကြောင့် အပြုံးတွေကို ပိုပြီးတော့တောင်မှ မွန်းချယ် ရပ်လို့ မရတော့ဘူး။ အံ့ဩဖို့လည်း ကောင်းတယ်။ ဘယ်လိုဖြစ်ပြီးတော့များ ဓာတ်ပုံလေးတစ်ပုံက ပုံမှန် စားနေကျ မနက်စာထက်တောင် ပိုပြီး မွန်းချယ်ကို လန်းဆန်းသွားစေတာပါလိမ့်။ ဒါမှမဟုတ် မွန်းချယ် တွေးဖူးသလို ဒီလူက မွန်းချယ်အတွက် တကယ်ကို အားဖြည့်အချိုရည်ဘူးလေးများလား။
YOU ARE READING
Smells Like Oxytocin (Completed)
Romanceမရှူရှိုက်ဘဲ နေလို့ မဖြစ်တဲ့ အသက်ဓာတ်တစ်ခုလိုမျိုး... အချစ်ဟာ လေထုထဲ သဘာဝကျကျ ပျံ့လွင့်လာခဲ့တယ် ...။