Wattpad ကို Join ခဲ့တာ အခုဆိုရင် ဆယ်နှစ်တောင် ပြည့်သွားပါပြီ။ Smells Like Oxytocin ဆိုတဲ့ ဒီ ဇာတ်လမ်းကတော့ အပြီးထိ တင်ထားပြီးတဲ့ ဇာတ်လမ်းတွေထဲ အပုဒ် 20 မြောက် ဇာတ်လမ်းလေးပေါ့။
ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးတဲ့ အချိန်တိုင်းမှာ အဲဒီ ဇာတ်လမ်းရဲ့ အစ၊ အလယ်၊ အဆုံး အားလုံးကို ကိုယ်တစ်ယောက်တည်းက ထိန်းချုပ်ထားရတယ် ဆိုတဲ့ အဲဒီ ခံစားချက်ကို တအားပဲ သဘောကျမိပါတယ်။ စာတွေ ရေးနိုင်သေးတယ်၊ လုပ်နိုင်စွမ်းတွေ ကျန်နေသေးတယ်၊ အခုထိ အမှတ်တရတွေ ချန်ထားနိုင်သေးတယ် ဆိုတဲ့ အဲဒီအတွေးကတင် ပီတိတွေကိုလည်း သယ်လာပေးတယ်။ ဘယ်အချိန်ထိ ဒီလိုမျိုး ဆက်ရေးနေနိုင်မလဲတော့ မသိပေမဲ့ပေါ့နော်။
"Smells Like Oxytocin" က ပေါ့ပေါ့ပါးပါး Rom Com အနေနဲ့ စိတ်ကူးပြီး ရေးတဲ့ ဇာတ်လမ်း ဆိုပေမဲ့ တကယ်တမ်း ဇာတ်ဆောင် 4 ယောက်ရဲ့ဘဝကို သေချာ ဖြန့်ချပြတဲ့အခါမှာတော့ ထင်ထားသလောက် မပေါ့ပါးခဲ့ရပါဘူး။
အထူးသဖြင့် ဒီဇာတ်လမ်းထဲမှာ ထည့်ရေးခဲ့တဲ့ အဓိကဇာတ်ဆောင်ရဲ့ ရောဂါအကြောင်းက အပြင်က တကယ့် အဖြစ်မှန် ဖြစ်နေလို့ပါ။
တကယ် ဆွဲခြစ်ခံထားရတဲ့ ပြတ်ရှရာတွေ၊ သွေးထွက်ဒဏ်ရာတွေ ပါနေတာမို့ အဲဒီရောဂါနဲ့ ပတ်သက်တဲ့ စာလုံးတွေကို ချရေးရတိုင်းမှာ ရေးဖူးသမျှ တခြားအပုဒ်တိုင်းထက် အများကြီး ပို နာခဲ့ရပါတယ်။
ဒါပေမဲ့လည်း စိတ်အရမ်းထိခိုက်ခဲ့ရတဲ့ အဲဒီအတိတ်ကို ဘာလို့ ဇာတ်လမ်းတစ်ပုဒ်ထဲ ထည့်ရေးခဲ့လဲ ဆိုရင်တော့ သူ့ကို အမြဲတမ်း ဂုဏ်ယူနေချင်လို့၊ ချီးကျူးနေချင်လို့ပါ။ ဝတ္ထုထဲက စိတ်ကူးယဉ်ဇာတ်ကောင်တစ်ယောက်အနေနဲ့ မဟုတ်ဘဲ လက်တွေ့ဘဝမှာ နေတဲ့ အဲဒီလူက တကယ်ပဲ အဲဒီလို အချိန်တွေကို ခက်ခက်ခဲခဲ တောင့်ခံ၊ ခက်ခက်ခဲခဲ ကျော်လွှားနိုင်ခဲ့တဲ့အတွက် သူ့ရဲ့ အဲဒီ သတ္တိလေးကို ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ ဂုဏ်ယူရင်း မှတ်တမ်းတင်ထားချင်လို့။ အဲဒီရည်ရွယ်ချက်နဲ့ အပြင်က တကယ့်အဖြစ်မှန်ကို ဇာတ်လမ်းထဲ ထည့်ရေးခဲ့တာပါ။
သူ အပြင်မှာ တကယ် ကြုံခဲ့ရတဲ့ အဖြစ်ကတော့ စာထဲမှာ ရေးထားတာထက် အဆပေါင်းများစွာ ပိုပါတယ်။ သူ အရမ်း ပင်ပန်းနေတာကို ကြည့်ပြီး ကိုယ်က ဒီဘက်ကနေ စိတ်တွေ လုံးဝ ကြေမွနေရပေမဲ့ သူကတော့ 'နိုင်အောင် တိုက်ပြမယ်၊ ရအောင် ကျော်ဖြတ်ပြမယ်' လို့ သူ့ကိုယ်သူ ကတိပေးပြီး တကယ်လည်း နိုင်အောင် တိုက်ပြ၊ ရအောင် ကျော်ဖြတ်ခဲ့ပြပါတယ်။
အဲဒီတော့ ဒါကို ရေးဖြစ်ခဲ့တာက စောစောက ပြောသလိုပဲ လက်မလျှော့ခဲ့တဲ့ သူရယ်၊ သူရဲ့ သတ္တိတွေရယ်၊ ပြီးတော့ သူ ကြုံခဲ့ရတဲ့ အံ့ဖွယ်ဖြစ်ရပ်လေးရယ်ကို မှတ်တမ်းတင်ပေးချင်တဲ့အနေနဲ့ပါ။
ဒီ ဇာတ်လမ်းလေးက ဒီနှစ် (2024) အတွက် ရေးဖြစ်တဲ့ နောက်ဆုံး ဇာတ်လမ်းလေးပါ။ 2025 မှာလည်း ဒီ အရိပ်အမြုံလေးဆီ ပြန်လာခဲ့ပါဦးမယ်။ စောချင်လည်း စောနိုင်သလို နောက်ကျချင်လည်း နောက်ကျနိုင်လောက်ပါတယ်။ ဒါပေမဲ့လည်း ဆက်ဆက်တော့ ပြန်လာခဲ့မှာပါ။
shoonwh
09.11.2024
YOU ARE READING
Smells Like Oxytocin (Completed)
Romanceမရှူရှိုက်ဘဲ နေလို့ မဖြစ်တဲ့ အသက်ဓာတ်တစ်ခုလိုမျိုး... အချစ်ဟာ လေထုထဲ သဘာဝကျကျ ပျံ့လွင့်လာခဲ့တယ် ...။