မျက်ရည်တွေ တိတ်သွားပြီးတာတောင်မှ လက်နှစ်ဖက်နဲ့ သိုင်းပွေ့ထားတာကို မလွှတ်ပေးဘဲ မွန်းချယ်ရဲ့ဆံပင်တွေကြား မျက်နှာ တိုးဝင်ရင်း ချွဲနေတဲ့ ပုံလေးကို ပြန်မြင်ယောင်တော့ အိမ်ပေါ်ကို တက်နေတဲ့ ဓာတ်လှေကားထဲမှာ မွန်းချယ် တစ်ယောက်တည်း ပြုံးမိတယ်။
ရပ်ကွက်ထဲ မျက်မှန်း တန်းမိနေတဲ့ အဒေါ်ကြီးတစ်ချို့ကတော့ စောစောက တိုက်အရှေ့မှာ ဖက်နေကြတဲ့ မွန်းချယ်တို့နှစ်ယောက်ဘက်ကို စပ်စပ်စုစု ကြည့်သွားသေးတယ်။ ဒါပေမဲ့ အဲဒီအကြည့်တွေကို လျစ်လျူရှုဖို့အတွက် မွန်းချယ် မျက်လုံးတွေ မှိတ်ချထားလိုက်တယ်။ လူတွေ အများကြီး ရှိတဲ့ ဘောလုံးကွင်းထဲမှာတောင် အကျယ်ကြီး ရည်းစားစကား အပြောခံရပြီးပြီပဲ။ ရပ်ကွက်ထဲက အဒေါ်ကြီးတွေလောက်ကတော့ စာဖွဲ့ပြစရာ မလိုတော့ဘူး မဟုတ်လား။ အဲဒါထက် မွန်းချယ်က ဒီ အခိုက်အတန့်လေးကို တည်မြဲနေစေချင်တာ။ အဲဒီလူနဲ့ နီးနေရတဲ့ ဒီ အခိုက်အတန့်လေး။ အဲဒီလူဆီက ကူးခတ်လာတဲ့ အနွေးဓာတ်က မွန်းချယ်နှလုံးသားကို အေးချမ်းနေစေတဲ့ ဒီ အခိုက်အတန့်လေး။ ဒီ အခိုက်အတန့်လေးကို ဘယ်သူ့ကြောင့်နဲ့မှ မွန်းချယ် အနှောင့်အယှက် ဖြစ်မသွားစေချင်ခဲ့ဘူး။
တစ်ယောက်တည်း စိတ်လိုလက်ရ ပြုံးနေတုန်းမှာပဲ မွန်းချယ် စီးနေတဲ့ ဓာတ်လှေကားက ရှစ်လွှာကို ရောက်လာပြီး တံခါးပွင့်သွားတယ်။ ရင်ခုန်မှုတွေ လောင်းချထားလို့ ဗိုက် ပြည့်တင်းနေတာနဲ့ပဲ တစ်နေကုန် ထမင်း မစားရသေးတာတောင် မေ့ချင်ချင် ဖြစ်နေတာ။ အိမ်မှာလည်း ဒီအချိန်ဆို ထမင်းနဲ့ ဟင်းတောင် ကျန်ပါတော့မလား။ ထမင်းနဲ့ ဟင်း မကျန်လည်း ဘန်ထယ်ဆော့ခ် ဝယ်ထားတဲ့ ခေါက်ဆွဲခြောက်ထုပ် တစ်ထုပ်လောက် ခိုးပြုတ်စားရမယ်လို့ တွေးပြီး အိမ်တံခါးကို ဖွင့်လိုက်တယ်။
ကံကတော့ သိပ်ပြီး မကောင်း။ အိမ်ထဲ ဝင်ဝင်ချင်း ရင်ဝကို ဆောင့်ကန်ခံလိုက်ရသလို မြင်ကွင်းနဲ့ တိုးတယ်။ ဘန်ထယ်ဆော့ခ်ရည်းစား ဟို ဆံပင်လိမ္မော်ရောင်မရဲ့ ဒေါက်ဖိနပ်က အိမ်အဝင်အဝမှာ ချွတ်ထားပြန်ပြီလေ။ အဲဒီတော့ အိမ်ကို ထပ်ပြီး ရောက်နေပြန်ပြီ ဆိုတဲ့ သဘောပေါ့။
YOU ARE READING
Smells Like Oxytocin (Completed)
Romanceမရှူရှိုက်ဘဲ နေလို့ မဖြစ်တဲ့ အသက်ဓာတ်တစ်ခုလိုမျိုး... အချစ်ဟာ လေထုထဲ သဘာဝကျကျ ပျံ့လွင့်လာခဲ့တယ် ...။