ဒီ တနင်္ဂနွေနေ့မှာလည်း ထုံးစံအတိုင်း ဘောလုံးကွင်းကို မွန်းချယ် ရောက်နေပြန်တယ်။ အမှန်တော့ ဒီနေ့က နေ့လယ်မှ ပြဇာတ်လေ့ကျင့်ဖို့ ချိန်းထားတာ ဆိုပေမဲ့ တခြား အထွေအထူး လုပ်စရာလည်း ရှိမနေတာနဲ့ ပြဇာတ်ပါတနာရဲ့ မနက်ခင်း ဘောလုံးပွဲအတွက် ပွဲကြည့်ပရိသတ်တစ်ယောက်အဖြစ် အားဖြည့်ပေးမလို့ ဆုံးဖြတ်လိုက်တာ။ ညက ဖုန်းဆက်ရင်းနဲ့ မွန်းချယ် ဒီမနက် ဘောလုံးပွဲ လာကြည့်မဲ့အကြောင်း ပြောတော့ သူက ဒါဆို ဒီနေ့လည်း သူ တစ်ယောက်တည်း 5 ဂိုးလောက် သွင်းပြီး ပညာတွေ ထုတ်ပြရမယ်လို့ ကြွေးကြော်နေတယ်။
မွန်းချယ် ဘောလုံးကွင်း ရောက်တော့ ကွင်းပေါ်မှာ တခြား ကစားသမားတွေကို တွေ့ပေမဲ့ သူ့ကိုတော့ မတွေ့ဘူး။ သူ မရောက်သေးတာလား ဒါမှမဟုတ် အခန်းထဲ ရှိနေမလား မသေချာတာကြောင့် မွန်းချယ်တို့ ပြဇာတ် လေ့ကျင့်နေကျ အခန်းဆီပဲ လျှောက်လာခဲ့ရင်း တံခါးကို ဆွဲဖွင့်လိုက်တယ်။ အထဲမှာ လူတစ်ယောက် ထိုင်နေတယ်။ ဒါပေမဲ့ အဲဒါက မွန်းချယ် မျှော်လင့်ထားတဲ့ လူတော့ ဟုတ်မနေဘူး။
"အခန်း သုံးမလို့လားဗျ..? ကျွန်တော်..ကျွန်တော်..အပြင် ထွက်ပေးပါမယ်"
နယ်ဘက်က ဒေသိယစကားသံနဲ့ ပြောလာတဲ့ လူက အစ်ကိုဘိုနိုလို့ သူ ခေါ်ခေါ်နေတဲ့ လူ။
ဒီလူက ဟိုရက်ကလည်း တက္ကသိုလ်မှာ မွန်းချယ်ကို မြင်ဖူးထားတာမို့ မျက်မှန်းတော့ တန်းမိနေပုံပါပဲ။ အားနာနာနဲ့ ထိုင်ခုံပေါ်က ထရပ်ဖို့ ဟန်ပြင်နေတဲ့ လူကို မွန်းချယ် အမြန် တားလိုက်ရတယ်။"အခန်းမသုံးဘူးရှင့်.. ထိုင်နေပါ..သက်တောင့်သက်သာ ဆက်ထိုင်နေလို့ ရပါတယ်..ဒီအတိုင်း..ကျွန်မက..စီနီယာများ ဒီထဲမှာ ရှိနေမလား လာဝင်ကြည့်လိုက်တာပါ"
"နမ်ဝူဟျွန်းလား"
"ဟုတ်ကဲ့"
"ကျွန်တော်တို့ တူတူ လာကြတာပါ.. သူ စောစောကတင် သူ့သူငယ်ချင်းတစ်ယောက်နဲ့ ဒီနားက ဆိုင်မှာ အအေး သွားဝယ်မလို့ ဆိုပြီး ထွက်သွားတယ်ဗျ.. သူ့အသင်းသားတွေကို တိုက်ဖို့တဲ့"
အစ်ကိုဘိုနို ဆိုတဲ့ လူက မွန်းချယ်ကို ရင်းရင်းနှီးနှီးပဲ ရှင်းပြနေတယ်။ အအေး သွားဝယ်တယ် ဆိုတော့ ခဏနေရင် ပြန်ရောက်လာမှာမို့လို့ မွန်းချယ် ကွင်းထဲပဲ သွားစောင့်ဖို့ လုပ်မိပေမဲ့ သောင်မတင် ရေမကျ ဖြစ်နေတဲ့ စိတ်ကြောင့် ခြေထောက်တွေက အခန်းထဲက မခွာနိုင်။ ဒီလူ့ကို မွန်းချယ် သိချင်တာတွေ မေးကြည့်ရင် ကောင်းမလား ဆိုပြီး တွေးနေမိတယ်။
YOU ARE READING
Smells Like Oxytocin (Completed)
Romanceမရှူရှိုက်ဘဲ နေလို့ မဖြစ်တဲ့ အသက်ဓာတ်တစ်ခုလိုမျိုး... အချစ်ဟာ လေထုထဲ သဘာဝကျကျ ပျံ့လွင့်လာခဲ့တယ် ...။