"ဒါပဲနော်...မေကြီး။ သမီး အောင်စာရင်းထွက်လို့ စာမေးပွဲအောင်ရင် ရန်ကုန်သွားမှာနော်....နော်....နော်....နော်လို့"
"အေးပါအေ။ တကတည်းတော့။ ညည်းမလည်း ပြောကို မပြောချင်ဘူး"
"ကတိနော် အမေ"
"အေး...အေး"
"ဟိ....ဟိ....ပျော်တာ"
ခုန်ပေါက်မြူးတူးစွာဖြင့် အိမ်အပြင်ထွက်ပြေးသွားသော သမီးငယ် "လှလှနွယ်" ကိုကြည့်ပြီး ဒေါ်ပန်းမွှေးတစ်ယောက် သက်ပြင်းလေး ချမိသည်။
ဒီကောင်မလေးကိုယ်တိုင်ကိုက အဖြစ်ကိုသည်းနေတာပါ။
ဘယ်နှယ့်တော့။
သမီးလေးနှစ်ယောက် မွေးထားပါတယ်။
အကြီးမ "ခင်ခင်ကြွယ်" က အမေစကားတစ်ခွန်းဆို တစ်ခွန်းပဲ။
ဘာမှ အတွန့်တက်လေ့မရှိ။
ဒီ အငယ်မလေး ကြမှပဲ။
ကလန်ကဆန်နဲ့။
"ဟင်း....."
ဒေါ်ပန်းမွှေး သက်ပြင်းချနေသည်ကို လက်ချုပ်လိုက်နေသည့် အကြီးမ ကြွယ်က သတိထားမိသွားသည်။
"မေမေရယ်......နွယ် သွားရင်လည်းသွားပါစေ"
"ညည်းအေ.....ဘာမှမသိဘဲ။ ရန်ကုန်လို မြို့ကြီးပြကြီးက မိန်းကလေးလှလှလေးအတွက် အန္တရာယ်များပါဘိနဲ့ကွယ်။ ပြီးတော့ ညည်း ညီမက သူများတွေလို ရန်ကုန်မှာ အင်္ဂလိပ်စာသင်တန်းတို့၊ ကွန်ပြူတာသင်တန်းတို့ တက်မှာ မဟုတ်ဘူး။ တကယ်ပါပဲအေ။ ထူးထူးဆန်းဆန်း တက်ချင်တဲ့ သင်တန်းက မော်ဒယ်သင်တန်းဆိုလား။ ငါ့နှယ်။ ဘယ်လိုသမီးမျိုး မွေးထားမိမှန်း မသိပါဘူးအေ။ မင်းသမီးရူးရူးနေတာတော့"
ကြွယ် အမေညည်းနေသည်ကို ရယ်ရင်းဖြင့်သာ တုံ့ပြန်နေမိတော့သည်။
ပြောမယ်ဆို နွယ်က အမေပြောချင်စရာလေး ဖြစ်နေသည်ကို။
ကြွယ် နဲ့ နွယ်က အသက်(၃)နှစ်လောက်ကွာသည်။
နွယ်က အဖေဆုံးပြီးမှ မွေးလာတော့ မွေးကင်းစဘဝကတည်းက ဖတဆိုးဘဝလေးနှင့်ကြီးပြင်းခဲ့ရသည်။
YOU ARE READING
ရမ္မက်စီးချင်း
Romanceသပွတ်အူလို ရှုပ်ထွေးပွေလီလှတဲ့ ဒီလူ့ဘဝကြီးမှာ ကိုယ်လိုချင်ခဲ့တာ စစ်မှန်တဲ့ချစ်ခြင်းတရားတစ်ခုတည်းပါ။