ညအမှောင်ယံထဲ ကြွယ် ဆုံတွေ့ခြင်းအစကို ပြန်လည်တွေးတောကာ ရင်ဖိုနေမိသည်။
စချိန်းတွေ့သည့်ညမှာပင် တစ်ကိုယ်လုံးကို ပိုင်စိုးပိုင်စိုး ဆုပ်နယ်သွားသူကြီး။
ကြွယ် မုန်းချင်ပေမဲ့ မမုန်းရက်ပါ။
ဦးစိုးသွင်သာ ဒီထက်ရှေ့ဆက်တိုးလျှင် သူ့အလိုတိုင်း သွေးသားတွေအကုန်ပုံအပ်လိုက်မိမှာပင်။
သူ့ကြောင့် အိပ်ရေးပျက်သည့်ညတွေ ရှိလာခဲ့လေပြီ။
အခုဆို တစ်ပတ် တစ်ခါလောက်ခိုးခိုးပြီး ချိန်းတွေ့နေသည်မှာ အကြိမ်အရေအတွက်ပေါင်း မနည်းလှတော့ပေ။
ဒီနေ့ညလည်း ဦးစိုးသွင်နဲ့ အတူတူ ချိန်းတွေ့အလွမ်းသယ်ပြီး အခန်းထဲ ပြန်လာအခိုက်မှာ နွယ်က ငုတ်တုတ်ကြီး မိမိကို ထိုင်စောင့်နေသည်ကို တွေ့လိုက်ရသည်။
"အ...မေ့"
ကြွယ် သာယာစိတ်တွေက ကြက်ပျောက်ငှက်ပျောက်။
နွယ်က ငုတ်တုတ်ကြီး ထိုင်နေသည်ကို မြင်လိုက်ရတော့ အလန့်တကြားဖြစ်သွားရသည်။
"မမ.....နွယ်ကို မှန်မှန်ပြော။ မမ ရည်းစားနဲ့ ချိန်းတွေ့ပြီး ပြန်လာတာမလား"
"ဟယ်....ငါ အခုတလော ဆီးခဏခဏပေါက်ချင်လို့ အိမ်သာ အမြဲသွားနေတာပါ။ အခုလည်း သေးပေါက်ပြီးပြန်လာတာလေ"
"မမ....နွယ်ကို မညာပါနဲ့တော့။ မမ ထသွားကတည်းက နွယ်နိုးနေတာ။ အခု မအိပ်သေးဘဲ မမဘယ်ချိန်ပြန်လာမလဲဆိုတာကို နွယ်ထိုင်စောင့်နေတာ"
ဒီလိုကြီး ချည်ပြီးတုတ်ပြီးမေးနေမှဖြင့် ကြွယ် ဆက်မလိမ်ချင်တော့ပေ။
"အေးဟယ်....နင် အကုန်သိပြီးမှတော့ ငါ ဆက်မငြင်းနေတော့ပါဘူး။ ငါ....ငါ့ရည်းစားနဲ့သွားတွေ့ပြီး ပြန်လာတာ။ အဲဒါဘာဖြစ်လဲ။ ဒါပေမဲ့ နွယ်နော်....မေမေကိုတော့ သွားမတိုင်နဲ့သိလား"
"အင်းပါ။ နွယ်လည်း မတိုင်ပါဘူး။ ဒါဆို မမရည်းစားဘယ်သူလဲဆိုတာကို ပြောပြ"
ပြောပြ၍မဖြစ်နိုင်ပါ။
ဒီကောင်မလေးက နှုတ်လုံမည့်ပုံစံလည်း မပေါက်။
YOU ARE READING
ရမ္မက်စီးချင်း
Romanceသပွတ်အူလို ရှုပ်ထွေးပွေလီလှတဲ့ ဒီလူ့ဘဝကြီးမှာ ကိုယ်လိုချင်ခဲ့တာ စစ်မှန်တဲ့ချစ်ခြင်းတရားတစ်ခုတည်းပါ။