ဦးစိုးသွင်နှင့် စတွေ့ဆုံခဲ့သည်မှာ လွန်ခဲ့သော (၁)နှစ်လောက်က ဖြစ်၏။
ထိုစဉ်က မှတ်မှတ်ရရ အလွန်ပူသောနွေနေ့ရက်တွေမှာ ဖြစ်ခဲ့သည်။
တစ်နှစ်ထက် တစ်နှစ်ပိုပူလာသောရာသီဥတုကြောင့် ကြွယ်တို့ရွာသည်လည်း မထောင်းသာလှ။
မြို့နှင့်စာလျှင် နှစ်ပေါင်းရာချီသက်တမ်းရှိနေသည့် သစ်ပင်အိုကြီးတွေရှိနေသောကြောင့် အနည်းငယ်ခံသာလှသည်။
ရွာမှာ တစ်ခုကောင်းသည်က ရွာပြင်မှာ စီးဆင်းနေသည့် "နတ်သမီးချောင်း" တစ်ခုရှိသည်။
မိုးရာသီဆို လူတွေ၊ တိရစ္ဆာန်တွေ မဖြတ်ရဲလောက်သည်အထိ ရေစီးသည်လှသော်လည်း နွေရာသီဆို တသွင်သွင်၊ တသိမ့်သိမ့်စီးဆင်းနေသည့် နတ်သမီးချောင်း က ကြွယ်တို့ရွာတွင် ရှိသည်။
နတ်သမီးဟု နာမည်စတွင်လာမှန်း ကြွယ်မသိပါ။
ကြွယ်တို့ဘိုးဘေးကတည်းမှစ၍ ထိုချောင်းရှိနေပြီးသားဟုဆိုသည်။
အခုလည်း စက်ချုပ်နေရင်း အိုက်စပ်စပ်ကြီး ခံစားလာရသဖြင့် ကြွယ် ဘယ်လိုနေရမှန်းမသိဖြစ်လာသည်။
နွယ်က ကျောင်းသွားနေသည်။
အမေက အိမ်ရှေ့ကွန်ပျစ်ပေါ် တစ်ရေးတစ်မော အိပ်နေသည်။
ကြွယ် လက်ချုပ်လိုက်ရန် ကျန်သည့် အထည်တွေကို လက်စသတ်ပြီးနောက် အမေလို တရေးလောက် မှန်းလိုက်မလားဟု တွေးမိသေးသည်။
အပြင်မြေနီခင်းထားသည့် ရွာလမ်းပေါ်မှာ သူရိယနေမင်း၏ အပူရှိန်က တံလျှပ်တွေ ထနေသည်အထိ အရှိန်ပြင်းစွာ ကျရောက်နေသည်။
နာရီကလည်း အခုမှ ညနေ (၂)နာရီခွဲသာသာပဲရှိရော့မည်။
ညနေ (၄)နာရီကျော်လောက်ဆို နတ်သမီးချောင်းမှာ ရေဆင်းချိုး၊ ရေကူးကြသည့်သူများနှင့် စည်ကားလှသည်။
အစကတော့ ကြွယ် တစ်ရေးလောက် အိပ်လိုက်ပြီး နိုးလာမည့် ညနေခင်းလောက်မှ ချောင်းဆီ သူငယ်ချင်းတွေနှင့် ရေဆင်းချိုးရန် စိတ်ကူးမိသေးသည်။
သို့သော်လည်း ကြွယ် နားထင်စတွေ၊ လည်တိုင်ကျော့ကျော့တွေမှာ ချွေးသီးချွေးပေါက်တွေ သီးထနေပြီ။
YOU ARE READING
ရမ္မက်စီးချင်း
Romanceသပွတ်အူလို ရှုပ်ထွေးပွေလီလှတဲ့ ဒီလူ့ဘဝကြီးမှာ ကိုယ်လိုချင်ခဲ့တာ စစ်မှန်တဲ့ချစ်ခြင်းတရားတစ်ခုတည်းပါ။