လွန်ခဲ့သော(၂)နာရီခန့်က...
ကြွယ် ညစာစားပြီးကတည်းက စောစောစီးစီး အိပ်ယာဝင်ခဲ့သည်။
"အကြီးမ....နေမကောင်းဘူးလား။ အိပ်တာစောလိုက်တာ"
အမေတောင် ကြွယ်ကို လှမ်းမေးလိုက်သေးသည်။
"ကောင်းပါတယ်။ ဒီနေ့ ဘာဖြစ်နေတာလဲ မသိဘူး။ အစောကြီး အိပ်ချင်နေတာ"
"အေးကွယ်။ စောစောအိပ်တော့လည်း အိပ်ရေးဝတာပေါ့။ ငါတော့ ဒီဟာလေး လက်စသတ်လိုက်အုံးမယ်"
"ဟုတ်ကဲ့"
ကြွယ် အခန်းထဲ ဝင်ခဲ့ပေမဲ့ အိပ်ချင်စိတ် တစ်စိုးတစ်စဉ်းမျှ မရှိပါ။
အိပ်ဖို့နေနေသာသာ။
မျက်လုံးအစုံက ဇီးကွက်ကြီးလို ပြူးကြောင်နေသည်။
ဒီနေ့ သူနဲ့...
သူနဲ့ ချိန်းထားသည့်ည မဟုတ်ပါလား။
ချစ်သူအကြောင်းတွေးလိုက်မိရုံဖြင့် ရင်တွေတလှပ်လှပ်ခုန်လာသည်။
ဟိုဘက်လိမ့်၊ ဒီဖက်ရွေ့ကာ လူးလူးလိမ့်လိမ့်လုပ်နေရင်း အငယ်မ နွယ် ဝင်လာသည်ကို မြင်တော့ အိပ်ချင်ဟန်ဆောင်နေလိုက်သည်။
နွယ် က ကလေးပီပီ အိပ်ချလိုက်သည်နှင့် တုံးခနဲ့။
"ခူး......ခူး.......ခလော.....ခလော"
အသက်လေးနဲ့မလိုက် ဟောက်တောင်ဟောက်တတ်နေပြီ။
ကိုယ့်ညီမလေးကို ကြည့်ရင်း ကြည်နူးပီတိစိတ်က ရင်မှာ တဖွားဖွားဖြစ်တည်လာရသည်။
ည(၁၀)နာရီထိုးခါနီးနေတော့ ကြွယ်နေမထိ ထိုင်မသာဖြစ်လာရပြီ။
"တောက်.....တောက်.....တောက်.....တောက်"
အခန်းထဲက နာရီစည်းချက်သံတချက်စီ၊တချက်စီက ကြွယ်အတွက်နှေးလွန်းလှပြီဟု ထင်သည်။
စောင့်မျှော်နေရသည့်အချိန်က နောက်ဆုံးရောက်ရှိလာခဲ့လေပြီ။
အဆင်သင့် လဲလှယ်ရန်အတွက် ဝှက်ထားသည့် အဝတ်ကို ထုတ်ကာ ပြင်ပြင်ဆင်ဆင်လေးပြင်လိုက်သည်။
လည်ပင်းလေးထောင့်၊ ရင်စေ့ခရမ်းရောင်အင်္ကျီလေးနှင့် ချည်ထမိန် အထက်အောက်ဆင်တူလေးကို သပ်သပ်ရပ်ရပ်လေးဝတ်ဆင်ကာ အိမ်အောက်သို့ ဆင်းရန်ဟန်ပြင်သည်။
YOU ARE READING
ရမ္မက်စီးချင်း
Romanceသပွတ်အူလို ရှုပ်ထွေးပွေလီလှတဲ့ ဒီလူ့ဘဝကြီးမှာ ကိုယ်လိုချင်ခဲ့တာ စစ်မှန်တဲ့ချစ်ခြင်းတရားတစ်ခုတည်းပါ။