စိတ်ကူးယဉ် ပုံပြင်တိုင်းဟာ သိမ်မွေ့တယ်။ နူးညံ့တယ်။
လေတွေလိုပဲ လက်တွေ့မှာ ဖမ်းဆုပ် မရတာကြောင့် သူတို့ဟာ အင်မတန် အိပ်မက် ဆန်လွန်းတယ်။ ဒါပေမယ့် လှပတယ်။
ကျွန်မရဲ့ စိတ်ကူးယဉ် ပုံပြင်တိုင်းမှာ သူ နေထိုင်တယ်။
စိတ်ကူးယဉ် ပုံပြင်ထဲက သူဟာ နေ့တိုင်းနေ့တိုင်း ကျွန်မကို ပုံပြင်တစ်ပုဒ်စီ ပြောပြလေ့ရှိရဲ့။
ပြောပြပြီးသား ပုံပြင်တွေကိုပဲ ထပ်ခါတလဲလဲ သူ ပြန်ပြောပေမယ့် ဘယ်တုန်းကမှ ငြီးငွေ့သွားတယ်ရယ်လို့ မရှိခဲ့ဖူးတာ။
သူဟာ စိတ်ကူးယဉ် ပုံပြင်တွေတိုင်းမှာ ကျွန်မအတွက် ပြိုင်စံရှား သူရဲကောင်းတစ်ယောက်။
ကျွန်မ ခံစားချက်တွေကို နားလည်ပေးအနိုင်ဆုံး လူတစ်ယောက်။
အရာရာ တိုင်ပင်နိုင်တဲ့ သူငယ်ချင်းတစ်ယောက်။
ကျွန်မကို ညတိုင်း သီချင်းတွေ ဆိုပြီး ချော့သိပ်တတ်တဲ့ ချစ်သူတစ်ယောက်။
မျက်ရည်စက်တွေ တသွင်သွင် စီးဆင်းကျရင်း ဒီ လောကကြီးကို စိတ်ကုန်တဲ့ အကြောင်းတွေ သူ့ကို တရစပ် ငြီးတွား ပြောဆိုမိတိုင်း သူဟာ ဘယ်တုန်းကမှ ကျွန်မ ဘေးကနေ ခေါင်းရှောင်ပြီး ထွက်ခွာမသွားခဲ့ဘူး။
ကျွန်မရဲ့ နာကျည်းဖွယ် အတိတ်ဟောင်း ပုံပြင်တိုင်းကို အဆုံးထိ စိတ်ရှည်လက်ရှည် နားထောင်ပေးရင်း အနူးညံ့ဆုံး အပြုံးတွေနဲ့တောင် အမြဲလိုလို နှစ်သိမ့်ပေးတတ်သေးတာ။
စိတ်ကူးယဉ် ပုံပြင်တိုင်းမှာ သူဟာ ဘယ်တုန်းကမှ ကျွန်မအတွက် သူစိမ်းတစ်ယောက် မဟုတ်ခဲ့ဘူး။
ကာရံ မဲ့နေတဲ့ ဘဝထဲကို သံစဉ်တွေ ထပ်လောင်းဖြည့်ဆည်းရင်း ကာရံညီအောင် ဖန်ဆင်းပေးခဲ့သူ .. ။
အချစ် ဆိုတာ " ရင်ခုန်မှု " သက်သက် မဟုတ်ဘဲ " မြတ်နိုးမှု " တစ်ခုကသာ အချစ် ဖြစ်ကြောင်း ဦးစွာ ပထမ သင်ကြားပေးခဲ့သူ .. ။
မိုးအုံ့အုံ့ နေ့ရက်တွေမှာ မှောင်မိုက်မိုက် တိမ်တိုက်တွေကို တွန်းဖယ်လို့ အဆုံးအစမရှိ ထွန်းတောက်လာတဲ့ နေမင်းကြီး တစ်ပါးလိုမျိုး ...
YOU ARE READING
A Familiar Stranger
Non-Fictionမြင်တွေ့ခွင့်တော့ ရှိပြီး .. မနီးစပ်နိုင်တဲ့ အဲ့ဒီ ကြယ်ပွင့်တွေလို ... သူဟာလည်း ကျွန်မအတွက် အရင်းနှီးဆုံး သူစိမ်းတစ်ယောက် ...