ရူးမတတ် တောင်းဆိုနေလည်း မပြည့်ဝလာနိုင်မှန်းသိတာမို့ တမင် မခြွေချဖြစ်တဲ့ဆန္ဒတွေ မရေမတွက်နိုင်လောက်အောင် ရှိဖူးတယ်။
ဒဏ်ရာတစ်ခုအကြောင်းကိုပဲ မတူညီတဲ့ စကားလုံးတွေနဲ့ ထပ်ခါတလဲလဲ ပြောပြဖြစ်တယ်။ သူကတော့ မကြားဘူး။ အဲ့လိုပဲ ကျွန်မ ရင်ဘတ်ထဲက နာကျင်မှုတွေလည်း မသက်သာသွားဘူး။
ဟိုးငယ်ငယ်က မိုးအမြင့်ကြီးပေါ်မှာ လွှတ်တင်ထားတဲ့ စွန်တွေကို ပိုင်ဆိုင်ချင်တာက အိပ်မက်တစ်ခုလို ဖြစ်ခဲ့တယ် ... ။
စွန်တွေ ကြိုးပျက်ပြီး ဝေဟင်ထက်က ဆင်းသက်လာရင် အိမ်ခန်းထဲ အဆင်သင့် ဝင်ရောက်လာမလား လို့ တောင့်တောင့်တတနဲ့ ထိုင်စောင့်နေဖူးတဲ့ နေရက်တွေ ... ။
ငယ်ငယ်ကတည်းက ကိုယ်ပိုင် ပိုင်ဆိုင်မှုတွေကို တန်ဖိုးထားတတ်တဲ့ အလေ့အကျင့်ရယ်လို့ သိပ် မရှိခဲ့သလောက်။
အဲ့ဒါကြောင့် အသက်ဆယ်နှစ်အရွယ်မှာ ကိုယ့်အပိုင်မဟုတ်တဲ့ မိုးပေါ်က စွန်ပျံတစ်ချို့ကို မြတ်နိုးခဲ့ပြီး
အသက်ဆယ့်ငါးနှစ်အရွယ်မှာတော့ မျှော်မှန်းခွင့်မရှိတဲ့ မိုးပေါ်က ကြယ်တစ်ပွင့်ကို စတင် မြတ်နိုးခဲ့မိတယ်။ဘာလိုလိုနဲ့ နှစ်တစ်နှစ် ကုန်ပြီ။
သူ့အသံသြောသြောကြီးနဲ့မှ မလိုက်မဖက်၊ ကလေးလေးလို ချွဲတတ်လွန်းတဲ့ အဲ့ဒီ ယောက်ျားကို တစ်ဖက်သတ် ရင်းနှီးခဲ့တာ အခုဆို ငါးနှစ် ပြည့်လုပြည့်ခင် ပေါ့။
ဒီ ငါးနှစ်လုံးလုံး ရေမဝင် ပုံမပျက် တဲ့ နှလုံးသားကို သတိထားမိသွားသူ တစ်ချို့တစ်လေက ချီးကျူးသလိုလိုနဲ့ ကဲ့ရဲ့လာကြတယ်။ ကိုယ်ကတော့ ခပ်တည်တည်ပါပဲ။
သူ့ကို ဘယ်အချိန်ထိ ဆက်ချစ်သွားမှာလဲ တဲ့။ တလောက အမေးခံရတော့ နှစ်ခါပြန်မစဉ်းစားဘဲ "သေတဲ့အထိ" လို့ ဖြေခဲ့တယ်။
အဲ့ဒီအဖြေနဲ့ ပတ်သက်ပြီးလည်း ကိုယ့်ကိုကိုယ် လိုတာထက် ယုံကြည်မှုပိုလွန်ကဲနေခဲ့တယ်။တစ်ခါတစ်လေမှာ လူတွေဟာ မမြင်ရတဲ့ အရာတစ်ခုကို ငေးကြည့်ရင်းလည်း အတောမသတ်နိုင်အောင် ပျော်ရွှင်နေတတ်ကြတာ ထုံးစံ မဟုတ်လား။
ဥပမာ သူ့ကို ကျွန်မ ငေးကြည့်ရင်း အတိုင်းမသိ ပျော်ရွှင်နေသလိုပေါ့။
VOCÊ ESTÁ LENDO
A Familiar Stranger
Não Ficçãoမြင်တွေ့ခွင့်တော့ ရှိပြီး .. မနီးစပ်နိုင်တဲ့ အဲ့ဒီ ကြယ်ပွင့်တွေလို ... သူဟာလည်း ကျွန်မအတွက် အရင်းနှီးဆုံး သူစိမ်းတစ်ယောက် ...