သူစိမ်းတစ်ယောက် ဖြစ်နေပါရက်နဲ့
ဘာအတွက်ကြောင့် ရင်းနှီးနေသလဲလို့ လူအချို့က မေးကြတယ်။လူတစ်ယောက်ကို ရင်းနှီးဖို့ အတိုင်းအတာက အနေနီးစပ်မှုနဲ့ မဆိုင်ဘူး။
တကယ်ဆို သန့်ရှင်းတဲ့ နှလုံးသားတစ်စုံနဲ့သာ သက်ဆိုင်တာပါ။သူ့ရဲ့ အလှဆုံး ရယ်သံတွေ။
သူ ဝမ်းသာနေရင် ပြုလုပ်လေ့ရှိတဲ့ ရူးကြောင်ကြောင် အမူအရာတစ်ချို့။
သူ ဖန်တီးခဲ့ဖူးသမျှ အသက်ရှူသံတိုင်းကို ဂုဏ်ယူစွာ ထွေးပိုက်ရင်း ဝံ့ဝံ့ရဲရဲ ရှင်သန်ရခြင်းက ကျွန်မ ဘဝရဲ့ တစ်ခုတည်းသော ပျော်ရွှင်မှု ဖြစ်တယ်။
ဟိုးတုန်းက သူ ပြောခဲ့ဖူးတယ်။
သူ့ အမိမြေ မဟုတ်တဲ့ နိုင်ငံတစ်နိုင်ငံကို သွားတိုင်း (အဲ့ဒီ ဒေသမှာ ဘယ်လောက်ပဲ နှစ်သက်ဖွယ်ရာတွေ ကိန်းခိုနေပါစေ)
သူနဲ့ ဘာသာစကားချင်း တူညီစွာ ပြောဆိုကြတဲ့ ပုဂ္ဂိုလ်တစ်ချို့ ရှိမနေခြင်းကြောင့်
သူ့ အမိမြေကို တစ်ရက်ပဲဖြစ်ဖြစ် စောစောစီးစီး ပြန်ရောက်လာချင်ပါတယ် တဲ့။အဲ့ဒီနေ့က ကျွန်မ အသိဝင်ခဲ့တယ်။
သူ သုံးနှုန်းတဲ့ ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်လာအောင် ကျွန်မမှာ အပတ်တကုတ် ကြိုးစားခွင့် အပြည့်အဝ ရှိပေမယ့်
ကြေကြေညက်ညက် နားလည်သွားခဲ့ရင်ရော
သူ နေထိုင်ရာ ထို တိုင်းပြည်ရဲ့ တရားဝင် လူမျိုးတစ်ဦး ဖြစ်သွားလိမ့်မှာ တဲ့လား။မဟုတ်ဘူး။
ကျွန်မဟာ အတုအယောင်တစ်ခု သက်သက်။သေဆုံးသည့်တိုင် ထို အတုအယောင်တစ်ခုထက် ပိုလို့လည်း ထူးခြား တိုးတက်လာလိမ့်မှာ မဟုတ်။
ကြိုးကြိုးစားစား ကျက်မှတ်ခဲ့တဲ့ သတ်ပုံတွေ၊ သဒ္ဒါတွေ။
သူ မြင်ပါစေ တောင်းဆုခြွေရင်း သူ့မွေးနေ့တိုင်း ပေးပို့ခဲ့တဲ့ စာအလွှာပေါင်းမြောက်မြားစွာ။တစ်ကြိမ်တစ်ခါတောင် သိချင်ယောင် မဆောင်ပေးခဲ့ဖူးတဲ့ သူ့ကို နာကျည်းဖို့ သတိမရဘဲ Miracle လို့ အများစုခေါ်တွင်ကြတဲ့ အံဖွယ်ကိစ္စရပ်တစ်ချို့ကိုသာ မက်မက်မောမော မျှော်လင့်စောင့်ဆိုင်းရင်း နှစ်စဉ်နှစ်တိုင်းမပြတ် ဆက်လက်လို့ ပေးပို့နေမိမြဲ။
YOU ARE READING
A Familiar Stranger
Non-Fictionမြင်တွေ့ခွင့်တော့ ရှိပြီး .. မနီးစပ်နိုင်တဲ့ အဲ့ဒီ ကြယ်ပွင့်တွေလို ... သူဟာလည်း ကျွန်မအတွက် အရင်းနှီးဆုံး သူစိမ်းတစ်ယောက် ...