13. Dear Stranger

5.4K 469 4
                                    

အခုတလော ခံစားချက်တွေ မကောင်းဘူး ...

မှုန်ဝါးတဲ့ အိပ်မက်ဆိုးတစ်ချို့
တစ်နေ့ခြား တစ်ခါ ပိုပိုပြီး ထင်ရှားလာနေသလိုပဲ။

မလာပါနဲ့ လို့ တားဆီးပိတ်ပင်ခွင့် မရှိတဲ့ အဲ့ဒီ အနာဂတ် တစ်ခု ...
တကယ်လို့များ မျှော်လင့်ထားတာထက် နည်းနည်းလောက်သာ ပို စောပြီး အယောင် လာပြခဲ့မယ် ဆိုရင် ...

မရင့်ကျက် မမာကျောသေးတဲ့ ဟောဒီ နှလုံးသားနုနုအတွက် မဆိုစလောက်တော့ ပူပန်မိသား။

ဟုတ်တယ် .. ။ ဒီလိုနည်းအတိုင်းသာဆို
သူ ခံနိုင်ရည် အပြည့်အဝ ရှိလောက်ဦးမှာ
မဟုတ်သေးဘူးရယ် .. ။

အဲ့ဒါကြောင့်လေ ...

" ခဏလောက်လေး စောင့်ပေးပါဦး " လို့
အရူးတစ်ယောက်လို ကံကြမ္မာကို အသနားခံ တောင်းဆိုကြည့်မိတယ်။

ရက်ပေါင်း ခြောက်ရာကျော်လောက် ကြာရင်တော့ အခုထက် ပို ခွန်အား ကြီးလာလိမ့်မလား မသိလို့ ...

အဲ့ဒီနေ့အထိ ...
ဒါမှမဟုတ် နောက်ထပ် ရက်ပေါင်း သုံးရာကျော် ထပ်ပေါင်းပြီး ရက်ပေါင်း တစ်ထောင်ကျော်လောက်အထိ ဖြစ်ဖြစ် ... ။

ဟင့်အင်း .. လက်မခံရဲတာ မဟုတ်ဘူး။
လက်မခံချင်သေးတာ။

ပျော်ရွှင်စရာ အဆုံးသတ်မျိုး မဟုတ်ဘဲ ...
ထာဝရ တည်မြဲနေမဲ့ အဆုံးမရှိ ချစ်ခြင်းတစ်ခု လို့ အူတိအူကြောင်နိုင်စွာ သတ်မှတ်ထားခဲ့ဖူးလင့်ကစား ...

အခုတော့ တမြေ့မြေ့နဲ့ ကြောက်ရွံ့စပြုလာပြီ ... ။

အကယ်၍များ လှပစွာ နာကျင်စေနိုင်မဲ့ အဲ့ဒီ နေ့ရက်တွေ တကယ်တမ်း ပေါ်ပေါက်လာခဲ့ရင်
တစ်ဖက်သတ် ချမှတ်ခဲ့တဲ့ ကတိတစ်ခုကို အဆုံးထိ တည်တံ့နိုင်ပါ့မလား ဆိုတာ ...

ကျွန်မ တကယ် မတွက်ဆတတ်တော့ဘူး ... ။

အမှန်ဆို အစကတည်းက မှားယွင်းနေခဲ့တာ။

ရိုးရှင်းလှပါတယ် ဆိုတဲ့ ဖြစ်တည်မှုတစ်ခုကို အရှိအရှိအတိုင်း လက်ခံဖို့ မကြိုးစားဘဲ ...
ဖန်တရာတေအောင် ရေးခြစ်မိတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေ မွေးဖွားလာချိန်ကတည်းကစလို့
အရာရာဟာ ပြန်လည် ဖာတေးမရတော့အောင် လွဲချော်သွားခဲ့တာ။

A Familiar StrangerWhere stories live. Discover now