ဒီလိုနေ့မျိုးတွေပေါ့။
ဟိုးအရင်ကလို ပြုံးပျော်နိုင်ပါ့မလား
ရှေ့ဆက်ပြီး မရေရာတော့တဲ့ အခိုက်အတန့်မျိုးတွေ။ဘယ်သူမှ မရှိတဲ့ အခန်းကျဉ်းလေးတစ်ခန်းထဲမှာ။
သူ့လက်နွေးနွေးလေးတွေကို တင်းတင်းဆုပ်ပြီး။
ခပ်ကျယ်ကျယ် ပုခုံးတစ်ဖက်ပေါ် ခဏလောက်ဖြစ်ဖြစ် အမှီပြုထားချင်တယ်။ဘယ်သူမှ မကြားတဲ့ သူ့နှလုံးသားရဲ့ ရှိုက်သံတွေကို တိတ်တဆိတ် နားထောင်ရင်း။
နွမ်းနယ်နေပြီ ဖြစ်တဲ့ သူ့မျက်ဝန်းလေးတွေထဲ တစိမ့်စိမ့် ငေးမောရင်း။
လဲကျသွားလည်း ချက်ချင်း ပြန်ထူပေးမယ့် လက်တစ်စုံ အသင့် ရှိကြောင်း နှစ်သိမ့်အားပေးရင်းပေါ့။အမှန်တရားက ခါးသက်ပေမယ့် အမှန်တရားမို့ လက်ခံနိုင်ရမယ် တဲ့။
ထာဝရ တည်မြဲတဲ့အရာဆိုတာ ဒီကမ္ဘာပေါ်မှာ မရှိဘူး တဲ့။သူ ပြောဖူးတဲ့ စကား ... ။
နားဝင် မချိုချိုအောင် အချိန်တိုင်း ချွဲချွဲနွဲ့နွဲ့ စကားလုံးတစ်ချို့ပဲ ရွေးသုံးတတ်တဲ့ အဲ့ဒီ ကလေးဆန်ဆန် ကောင်လေးက ဆိုင်းမဆင့်ဘုံမဆင့်စွာနဲ့ အမှန်တရားတွေအကြောင်း တည်တည်ငြိမ်ငြိမ် ဖွင့်ချလာတဲ့အခါ ကျွန်မလိုလူ မနာကျင်ခံနိုင်ပဲ ဘယ်နေပါလိမ့်မလဲနော်။
တစ်သက်မှာ တစ်ခေါက်ပဲ ရှင်သန်ခွင့်ရတဲ့ ဟောဒီ ဘဝထဲ အလှပဆုံး အမှတ်တရတစ်ခုအနေနဲ့ ဗြုန်းစားကြီး ပေါ်လာခဲ့ပေးတဲ့ သူဟာ ကျွန်မအတွက် အစဉ်အမြဲ ကျေးဇူးတင်နေရမယ့် ပုဂ္ဂိုလ်။
မကြားယောင်ခဲ့ပေမယ့် အမှတ်တမဲ့ ဖြည့်ဆည်းပေးဖူးတဲ့ ဆုတောင်း သေးသေးလေးတွေရယ်။
ဆိုင်သူ မသိပေမယ့် ဂုဏ်ယူစရာ ကောင်းလွန်းတဲ့ တစ်ဖက်သတ် ရင်ခုန်မှုလေးတွေရယ်။အော်၊ တစ်ကြိမ်တစ်ခါလောက်တော့လည်း
ကျွန်မရဲ့ အသက်ရှူသံတွေ သူ့ကြောင့် အဆုံးအစမဲ့ အဖိုးထိုက်တန်လာတယ် ဆိုတဲ့ အကြောင်း
လောဘကြီးကြီးနဲ့ သူ့ကိုသိစေချင်လိုက်တာ ... ။နေမင်းကြီး အိပ်တန်းဝင်လို့ လမင်းကြီးကို ကြယ်ပွင့်ကလေးတွေ ခပ်ဖွဖွ ထွေးဖက်လာတဲ့အခါ နာကျင်စရာတွေ အောက်မေ့လည်း နှုတ်ခမ်းတစ်စုံကို ခဏလောက် အထည်ဝါဆုံး ကော့ညွတ်ထားပေးပါ။
ESTÁS LEYENDO
A Familiar Stranger
No Ficciónမြင်တွေ့ခွင့်တော့ ရှိပြီး .. မနီးစပ်နိုင်တဲ့ အဲ့ဒီ ကြယ်ပွင့်တွေလို ... သူဟာလည်း ကျွန်မအတွက် အရင်းနှီးဆုံး သူစိမ်းတစ်ယောက် ...