5. The Dreams That You Live In

4K 287 47
                                    

ငါ ဒီနေ့ အသက်နှစ်ဆယ်ပြည့်ပြီဟ။ လူတွေက ငါ့ကို အခု တကယ် လူကြီး ဖြစ်လာပြီလို့ ပြောကြတယ်။ ငါကတော့ ငါ လူကြီး ဖြစ်လာတယ် ဆိုတာထက် နင်နဲ့ ထိပ်စီးချင်း တူသွားတာကိုပဲ ပိုပြီး ဂုဏ်ယူနေမိသလား မသိဘူး။ အင်းလေ။ ဒါပေမယ့် နောက် သုံးလေးနှစ်ကြာရင် နင်က ငါ့ကို ကျော်တက်ပြီး နောက်တစ်ခါ ထိပ်စီး ထပ်ပြောင်းသွားတော့မှာ။ ငါ ဝမ်းနည်းတယ်ဟာ။ နင် ဖြတ်သန်းခဲ့တဲ့ နင့်ရဲ့ အသက်နှစ်ဆယ် နေ့ရက်တွေမှာ ငါ နင့်ဘေးနား မရှိခဲ့သလို နင့်ရဲ့ အသက်သုံးဆယ် မနက်ဖြန်တွေမှာလည်း အရင်လိုပဲ ငါ နင့်ဘေးနား ရှိနေနိုင်မယ် မထင်ဘူး။ ဘာပဲဖြစ်ဖြစ်ပါ။ နင် ပျော်အောင်သာ နေနော်။ နင် ပျော်နေတာ မြင်ရင် ငါလည်း ဒီဘက်ကမ္ဘာမှာ တတ်နိုင်သလောက် ပျော်အောင်နေဖို့ ကြိုးစားကြည့်မှာမို့။ ဟုတ်တယ်။ ငါ ပျော်မှာပါ။ ငါ ကတိပေးပါတယ်။ ။

ငါ နင့်ကို လွမ်းလိုက်တာဟာ။ အခုလောက်ဆို နင် ဘယ်နေရာမှာ ဘာတွေများ လုပ်နေမလဲ။ ဒီနေ့က ငါ့ရဲ့ မွေးနေ့ပါလို့ နင့်ကို အသည်းအသန် ပြောပြချင်မိတဲ့အချိန်တိုင်း နင့်ဆီက ပြန်ရမယ့် လျစ်လျူရှုမှုတွေကို ဘယ်နည်းနဲ့မှ မခံစားရဲလို့ ဒီတစ်နှစ်လည်း အရင်လိုပဲ ငါ ကြိုးကြိုးစားစား မြိုသိပ်ထားလိုက်ပါဦးမယ်။ အဲ့ဒီအစား ဒီည မက်မယ့် အိပ်မက်ထဲ နင် ငါ့ကို သတိတရနဲ့ လာရှာပြီး မွေးနေ့သီချင်းတစ်ပုဒ်တော့ စိတ်ပါပါနဲ့ ဆိုပြပေးပေါ့ဟာ။ ပြီးရင် နင့်သွားစွယ်လေးတွေ ပေါ်အောင် ပြုံး၊ မွေးနေ့လက်ဆောင် ဆိုပြီး ငါ့ ပါးကို ဖွဖွလေး နမ်းပေါ့။ ။

ငါ ငယ်ငယ်က မက်ဖူးတဲ့ ခပ်ပေါပေါ အိပ်မက်တွေအကြောင်း အခွင့်ရရင် နင့်ကို တစ်ခေါက်လောက် သိပ်ပြောပြချင်ခဲ့တာ။ နင်သိလား။ ငါ မွေးပြီးမှ ပထမဆုံး မက်တဲ့ အိပ်မက်က ဘာလို့ ထင်လဲ။ ဆံပင်တွေ ပုခုံးဝဲတဲ့အထိ ရှည်လာဖို့ကို ငါ ပထမဦးဆုံး ဆုတောင်းခဲ့မိတာဟ။ ငါ ဘယ်လောက် ကြောင်တောင်တောင် နိုင်ခဲ့သလဲနော်။ ငါ ဆံပင်ရှည်လာဖို့ အချိန်အကြာကြီး စောင့်ခဲ့ဖူးတယ်။ ဒါပေမယ့် ဘယ်လောက်စောင့်စောင့် ကောက်ကွေးနေတဲ့ ငါ့ဆံပင်တွေက သိသာအောင် ရှည်မလာကြတော့ စိတ်ပေါက်ပေါက်နဲ့ အိမ်မှာအကြမ်းသုံးတဲ့ မျက်နှာသုတ်ပဝါကြီး ခေါင်းပေါ် တွဲလွှဲချပြီး မှန်ရှေ့ တစ်ယောက်တည်း ဟန်ပြခဲ့တာ အခုထိ မှတ်မိသေးတယ်။ နင် အဲ့အကြောင်း ကြားရင် နင့်အကျင့်အတိုင်း ခွက်ထိုးခွက်လန် အော်ရယ်လောက်မှာ။ ဒါမှမဟုတ် ငါ့ကို ငတုံးမလေး လို့ နင် လှောင်ပြောင်ချင် လှောင်ပြောင်လောက်မလား။ တကယ်တော့လေ။ ငါ့မှာ ဖြစ်ချင်တဲ့ အိပ်မက်တွေ အများကြီး ရှိခဲ့ဖူးတယ်ဟ။ နှစ်အလိုက် ငါ ဖြစ်ချင်တဲ့ ဆန္ဒတွေက တစ်ခုစီ ပြောင်းနေတာ။ ဟိုးအရင်က ငါ Designer ဖြစ်ချင်ခဲ့ဖူးတယ်။ သီချင်း မဆိုတတ်ပေမယ့် အဆိုတော်လည်း လုပ်ချင်ခဲ့သေးတယ်။ Tour Guide လုပ်ရင် ကောင်းမလား တစ်ခါ စဉ်းစားကြည့်ဖူးသလို မနှစ်ကအထိ စာရေးဆရာမ ဖြစ်ချင်တဲ့ အိပ်မက်ကလည်း တစ်စခန်း ထခဲ့သေး။ ဘာပဲဖြစ်ဖြစ်ပေါ့။ အခုအချိန်ထိတော့ နင့်ကို ချစ်နေရတာနဲ့တင်ပဲ တစ်နေ့တစ်နေ့ ငါ မအားလပ်နိုင်သေးပါဘူးဟာ။ ။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Jun 05, 2022 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

A Familiar StrangerTempat cerita menjadi hidup. Temukan sekarang