အဆင်ပြေပါစေ လို့ ဆုတောင်းပေးရုံက လွဲပြီး ရှိမှမရှိတော့ပဲလေ။ နော်။
ပြေးတွေ့ဖို့မှ မဖြစ်နိုင်တာ။
ပွေ့ဖက်ထားခွင့်မှ မရတာ။
ကျွန်မလည်း သူနဲ့ထပ်တူ နာကျင်နေရုံကလွဲပြီး ရှိမှမရှိတော့ပဲလေ။ နော်။အချိန်တွေကို နောက်ပြန်ရစ်ချင်တယ်။
သူ သိပ် ပျော်ရွှင်ခဲ့ဖူးတဲ့ အဲ့ဒီအခိုက်အတန့်တွေဆီ တစ်ခေါက်လောက်။ဘာဆိုဘာမှ နားမလည်တဲ့ ကလေးလေးတစ်ယောက်လိုမျိုး သူ ရွှင်ရွှင်မြူးမြူး ဖန်ဆင်းဖူးတဲ့ တောက်တောက်ပပ အပြုံးလေးတွေက ဓာတ်ပုံစာမျက်နှာတစ်ချို့ထဲမှာပဲ ဒီနေ့အချိန်ထိ ပုန်းကွယ်နေကြတယ်။
အဲ့ဒီအပြုံးတွေ ဘယ်တော့ ပြန်အလည်လာမလဲ လို့ မဝံ့တရဲ မေးကြည့်တော့ ကျွန်မ ရေရွတ်တဲ့ ဘာသာစကားကို သူ နားလည်ပုံ မပေါ်ခဲ့ဘူး။
လွမ်းတာပေါ့။
သူ့ရယ်သံတွေ။ သူ့အကြည့်တွေ။ သူ အိပ်ချင်မူးတူးနဲ့ ဖတ်ပြခဲ့ဖူးတဲ့ ကဗျာတိုလေးတွေ။
သူ့ရင်ဘတ်နဲ့ သီကျူးထားတဲ့ သီချင်းတွေ နားထောင်တိုင်း မျက်ရည် တသွင်သွင် ပြိုတယ်။ ဟုတ်တယ်။ ဒါဟာ ကျွန်မရဲ့ လက်တလော နေ့စဉ်ဘဝ။သူ့နာမည်ကို ညွှန်းပြီး သူ့ကို ဘယ်လောက် ချစ်ပါတယ် ဆိုတဲ့အကြောင်း စာတွေရေးတယ်။
သူ မြင်ချင်မြင်မယ်။ မမြင်ချင်မမြင်ဘူး။
မြင်ခဲ့ရင်လည်း သူ ပြန်လာချင် လာမယ်။ မလာချင် မလာဘူး။ဒါပေမယ့် ဒီအလွမ်းကဗျာတွေ တနည်းနည်းနဲ့ သူ့နှလုံးသားဆီ သက်ရောက်လို့ သူသာ ပြန်လာမယ်ဆို ရက်ပေါင်းများစွာ ဆက် ရေးနေဦးမှာ။ လပေါင်းများစွာ ဆက် ရေးနေဦးမှာ။ နှစ်ပေါင်းများစွာ မငြီးမငွေ့ ဆက် ရေးနေဦးမှာ။
သူ့ Account လေး မီးမစိမ်းနေပေမယ့် သူ အဲ့ဒီ နေရာမှာ ရှိနေမှန်း သေချာရေရာချိန်တိုင်း ကြားခံနယ်တစ်ခု အကွာကနေ သူနဲ့ နှလုံးသားချင်း ဆက်သွယ်ခွင့်ရတဲ့ နေ့ရက်တွေဟာ ကျွန်မ ဘဝကြီးထဲ အပျော်ရွှင်အကြည်နူးရဆုံး နေ့ရက်ကလေးတွေ ဖြစ်ခဲ့ဖူးတာ။
YOU ARE READING
A Familiar Stranger
Non-Fictionမြင်တွေ့ခွင့်တော့ ရှိပြီး .. မနီးစပ်နိုင်တဲ့ အဲ့ဒီ ကြယ်ပွင့်တွေလို ... သူဟာလည်း ကျွန်မအတွက် အရင်းနှီးဆုံး သူစိမ်းတစ်ယောက် ...