"ဟေ့ကောင်တွေ တံခါးဖွင့်စမ်း... မင်းတို့လေးယောက်လုံး အထဲမှာရှိတာ ငါသိတယ်။ ဖွင့်...အခုဖွင့်"
တင်းတောင်~တင်းတောင်~တင်းတောင်~တင်းတောင်~
အဆက်မပြက် လူခေါ်ဘဲလ်မြည်သံနဲ့အတူ ဆိုးဆိုးရွားရွားထွက်ပေါ်လာတဲ့အသံရယ်ကြောင့် ရဲရင့်၊ လင်းလက်၊ ကောင်းကင်နဲ့ ကြယ်စင်တို့ လေးယောက်စလုံး စားလက်စတွေပင် သီးကုန်ပြီး မျက်လုံးပြူးသွားရသည်။
""""ဂျာကြီး...!!!!""""
လေးယောက်လုံး ပြိုင်တူအော်မိကာ... အကြည့်တွေအားလုံးက ငုသဒ္ဓါဆီ...
"ဟမ်... ဘာ ဘာလဲ"
ရဲရင့်လက်ထဲက ကိုက်လက်စပန်းသီးကြီး ကြမ်းပြင်ပေါ်ကို ဒေါက်ဆိုပြုတ်ကျသည်။ ကြယ်စင် လက်ထဲက ဇွန်းနဲ့တူကို ဝုန်းဆိုလွှတ်ပစ်လိုက်သည်။ လင်းလက်ကတော့ ကျောက်ရုပ်အလား နေရာမှာ ငြိမ်သက်နေတုန်း...။
ရုတ်တရက်ဖြစ်သွားတဲ့ ပုံစံတွေကြောင့် ငုသဒ္ဓါမျက်လုံးပြူးသထက်ပြူးပြီး ရူးကြောင်ကြောင်ဖြစ်ချင်လာသည်။
အားလုံးရှုပ်ယှက်ခက်နေတုန်း ကောင်းကင် စွေ့ခနဲ ငုသဒ္ဓါကို ပွေ့ချီလိုက်ပြီး လေကဲသို့သောအရှိန်နှင့် သူ့အခန်းကိုခေါ်သွားလေသည်။ ရဲရင့်နဲ့ လင်းလက်တို့ရဲ့ ပြာကျစေနိုင်သော မီးကဲ့သို့မျက်စောင်းတို့က ကောင်းကင်ဆီဒိုင်းခနဲ...။ ထိုနှစ်ယောက်ကား အလင်း၏လျှင်မြန်ခြင်းဖြင့် ထိုင်နေရာမှ ကောင်းကင်လက်ကို လှမ်းဆွဲကြလေသည်။
ပခုံးနှင့်လက်မောင်းကို ဆောင့်ဆွဲလိုက်ခြင်းကြောင့် ကောင်းကင် နောက်သို့လန်ကာပြုတ်ကျသည်။ မပြုတ်ကျခင် ကောင်းကင်လက်ထဲမှ ငုသဒ္ဓါကို ရဲရင့် ဆွဲယူချီလိုက်၍ ငုသဒ္ဓါ ရဲရင့်လက်ထဲပါသွားပြန်သည်။ မြေမှကောင်းကင်က ရဲရင့်ခြေထောက်ကိုဖမ်းဆွဲသည်။ လင်းလက်ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ကာ ငုသဒ္ဓါကို ဝင်လုသည်။ ရဲရင့် လက်ဗလာနဲ့ ဟပ်ထိုးလဲကာ ကြမ်းပြင်နှင့်သွားမိတ်ဆက်သည်။ ဤသို့ဖြင့် မကြီးမငယ်နှင့် ဧည့်ခန်းထဲတွင် သိုင်းကားရိုက်ကြလေသတည်း...။
ဘောလုံးတစ်လုံးလို ဟိုလူ့လက်ထဲရောက်လိုက် ဒီလူ့လက်ထဲရောက်လိုက်ဖြင့် ငုသဒ္ဓါ ဘာမှမပြောနိုင်ဘဲ စိတ်လေနေတုန်း အငယ်ကောင်ကြယ်စင် အားခနဲအော်ကာ ထမင်းစားခန်းနဲ့ ဧည့်ခန်းကို ပတ်ပြေးပြီးသကာလ ငုသဒ္ဓါလက်ကိုဆွဲပြီးသူ့အခန်းထဲခေါ်သွားကာ တံခါးပိတ်လိုက်တော့သည်လေ။
YOU ARE READING
🌹🌻Boys Over Flowers🌺🌷(Myanmar)
Teen FictionBoys over Flowers(F-4) is in Myanmar now.....