ငုသဒ္ဓါရှက်ရှက်နှင့် ပြေးထွက်လာခဲ့တာ ဘယ်လိုဖြစ်ပြီး အောက်ထပ်က Junction City ထွက်ပေါက်ကို ရောက်လာခဲ့မှန်းမသိလိုက်။ ရိုးရိုးကြီးတော့မဟုတ်ပေမယ့် အေးအေးဆေးဆေးနေတတ်တဲ့သူမို့ ဒီလိုအခြေအနေမျိုး တွေးပင်မတွေးဖူးခဲ့။ ဒီလိုမျိုးမဝတ်အစားကို တစ်သက်လုံး ဝတ်ဖြစ်မည်မထင်ထားခဲ့တာကြောင့် ဒီလိုပုံစံနှင့် ကိုယ့်တပည့်အုပ်ထိန်းသူဆီမှာ မြင်တွေ့ခံရလိမ့်မယ်လို့ အတွေးနဲ့တောင် မစဉ်းစားဖူးပေ…။
အတော်လေးလည်း ရှက်မိနေသလို အတော်လေးလည်း ကိုယ့်ကိုကိုယ်စိတ်ပျက်မိသည်မို့ အိမ်သာအမြန်ပြန်ရောက်ဖို့သာ ငုသဒ္ဓါစိတ်စောနေမိသည်။ ဒီဝတ်စုံနဲ့ bus ကားစီးလို့လည်အဆင်မပြေသည်မို့ taxi ငှားဖို့ လုပ်မိကာမှ ငုသဒ္ဓါပစ္စည်းတွေအားလုံး ရဲရင့်လက်ထဲ ကျန်နေခဲ့သည်ကိုသတိရသည်။ စကပ်ကတိုလွန်းသည်မို့ ဖုံးဖိဖို့သာအာရုံထားခဲ့သည့် သူမက ပိုက်ဆံအိတ်ပါသည့် ကျောပိုးအိတ်ကို ရဲရင့်လက်ထဲသာ ထည့်ထားခဲ့မိလေရာ။ ခန့်စစ်ဟန်နဲ့တွေ့ပြီး ရှက်ရှက်နဲ့ ပြေးထွက်လာခဲ့မိတော့ ထိုကျောပိုးအိတ်ကို တောင်းယူခဲ့ဖို့လည်း သတိမရခဲ့ပေ။ ဖုန်းတောင် သူမအကျင့်ပါနေသည်မို့ လက်ထဲကိုင်ထားမိ၍သာ ပါလာခြင်းဖြစ်သည်လေ။
ငုသဒ္ဓါ ကိုယ့်ကိုကိုယ်သာ ထုသတ်ချင်မိသည်အထိ စိတ်ညစ်သွားသည်။ ထိုဘဝင်ရူးကို သူမဘာလို့ ပစ္စည်းတွေအပ်ထားမိတာပါလိမ့်။ သူ့ဆီပြန်ပြီး ကျောပိုးအိတ်ပြန်ယူဖို့နေနေသာသာ ထိုဘဝင်ရူးမျက်နှာကို သေလောက်အောင် မုန်းပြီ မကြည့်ချင်တာမို့။ အခုလိုဖြစ်လာရခြင်းရဲ့ အဓိကတရားခံက သူလေ။ ဒင်းသာ ဒီနေရာကိုဆွဲခေါ်ပြီး ဒီလိုကလက်တတ်တတ်အင်္ကျီကိုသာ အတင်းအကျပ် မဝတ်ခိုင်းခဲ့ရန် စစ်မာန်အကိုကို ငုသဒ္ဓါအေးအေးဆေးဆေးနှင့် နှုတ်ဆက်နိုင်လိမ့်မည်ပင်။
အခုတော့သူမဘာလုပ်ရမည်နည်း ပိုက်ဆံလည်းမရှိဘဲနဲ့အိမ်ဘယ်လိုပြန်ရမလဲ ငုသဒ္ဓါမသိတော့။ အထဲလည်းပြန်မဝင်ချင် အပြင်လည်းမထွက်နိုင်နှင့် ငုသဒ္ဓါ အပေါက်ဝမှာ ငူငူကြီးရပ်နေမိတော့သည်။ ဒီလိုအဝတ်အစားနှင့် ထိုနေရာမှာ ရပ်နေရခြင်းဟာ ငုသဒ္ဓါအတွက်အကြီးမားဆုံး စိတ်ဖိစီးမှုပင်။ လူတွေအားလုံးဟာ ငုသဒ္ဓါကို ဝိုင်းကြည့်ပြီး အတင်းပြောနေကြသလို လှောင်နေကြသလို ငုသဒ္ဓါခံစားလာရသည်။ ကြောက်ရွံ့လွန်းလှသဖြင့် ဒူးတွေပါတစ်ဆက်ဆက်တုန်လာသည်။ ဝဲတတ်လာသောမျက်ရည်တွေကို စီးကျမလာအောင် အောက်နှုတ်ခမ်းကို တင်းတင်းဖိကိုက်မိသည်။
YOU ARE READING
🌹🌻Boys Over Flowers🌺🌷(Myanmar)
Teen FictionBoys over Flowers(F-4) is in Myanmar now.....