'ဒေါက်... ဒေါက်... ဒေါက်...'
ခပ်လေးလေး ခေါက်နေသော တံခါးခေါက်သံတွေရော တစ်ချက်,တစ်ချက် ဘဲလ်တီးသံတွေရော ဆူညံနေရာ တံခါး ပေါက်ဝကို လျစ်လျူရှုထားလိုက်သည်။ အိပ်ရာပေါ်က စောင်ပုံထဲမှာ ခွေခေါက်နေရင်း ခေါင်းတစ်ခုလုံး လုံအောင် ခေါင်းမြီးခြုံထားလိုက်သည်။
ဘယ်သူနဲ့မှ စကားမပြောချင်၊ တွေ့လဲ မတွေ့ချင်၊ ဘာမေးမေး မဖြေချင် ဖြစ်နေတာမို့ အခုလို လုပ်မိလုပ်ရာ လုပ် နေမိခြင်း။ ဖြစ်နိုင်ရင် လူတွေရဲ့ မျက်လုံးတွေကို ကျွန်တော် ရင်မဆိုင်ချင်၊ မတွေ့ချင်။ သံသယယှက်နွယ်တဲ့ မျက်လုံးမျိုးတွေ ထေ့ငေါ့တဲ့ စကားလုံးတွေနဲ့ စွပ်စွဲပြောကြားမှာတွေ၊ သိလိုစိတ်နဲ့ မေးမြန်းကြမှာတွေ ဘာဆိုဘာမှ ပြန်ပြောချင်စိတ် မရှိ။
'Hyunee .. Ah, Hyung ပါ'
တံခါးခေါက်သံတွေ အဆုံးမှာ ထွက်ပေါ်လာတဲ့ အသံကြောင့် မသိလိုက်ခင်မှာပဲ တံခါးနားကို ရောက်ပြီး လက်ကိုင် ပေါ် လက်တင်လိုက်မိသည်။ တွန့်တရွံ့ဖြစ်နေသော စိတ်အမှောင်ကြောင့် တံခါးကို ဖွင့်မပေးမိပဲ လွန်ဆွဲနေမိ ပြန်သည်။
'Hyung အဝေးကြီးက လိုက်လာရတာ၊ Hyunee မျက်နှာလေးကို မြင်ချင်လို့ပါ၊ တံခါးဖွင့်ပေးနော်. Hyung ညီလေး က လိမ္မာပါတယ်ကွာ'
တံခါးနဲ့ကပ်ရပ်က Hyung အသံကို နားနားမှာ ကပ်ပြောနေသလို ကြားနေရသည်။ ဖြစ်နိုင်ရင် Hyung ရင်ခွင်ထဲမှာ ကျွန်တော် မောပန်းခဲ့သမျှတွေ၊ နာကျင်ခဲ့သမျှတွေ ဖွင့်ဟပြောပြပြီး ငိုချချင်လိုက်တာ.။ ဒါပေမယ့် ကျွန်တော့်မာန နဲ့ သိက္ခာက ပျော့ညံ့စိတ်ကို လည်ပင်းညှစ်ပြီး တားဆီးနေကြတယ်။ ကျွန်တော် ပင်ပန်းလွန်းလို့ နားချင်လှပြီ Hyung ရာ..
'Hyunee လေး, တံခါးလေး ဖွင့်ပေးနော်၊ ခဏပဲ Hyunee လေးကို တွေ့ချင်လို့ပါ'
အချစ်ဆုံး Hyung ရဲ့ လှုပ်ခတ်ခတ်အသံကို ထပ်ကြားမိတော့ တံခါးလက်ကိုင်ကို ဆွဲလှည့်လိုက်မိသည်။ တံခါးဖွင့် ဖွင့်ချင်း Hyung ရင်ခွင်ထဲ တစ်ကိုယ်လုံး ရောက်သွားရသည်။ တင်းတင်းကြပ်ကြပ် တုန်ရီစွာ ပွေ့ဖက်ထားသော Hyung ၏ နွေးလွန်းသော လက်များကြား ရောက်,ရောက်ချင်း နှာဝဆီသို့ပျံ့သင်းလာသော Hyung ကိုယ်နံ့ကြောင့် စိတ်မထိန်းနိုင်ပဲ မျက်နှာအပ်ကာ ငိုချလိုက်မိတော့သည်။