အနီတစ်လွှာ အဝါတစ်လွှာ ရောပြန့်နေသော ပွင့်တူရွက်တူ အကြွေတွေက ဖြေးဖြေးသော့သော့ လေပြည်ကြားမှာ ခပ်သာသာလေး ဟိုဒီရွေ့နေကြသည်။ နေရောင်မသာသော နေ့ခင်းမှာ ချွေးမစို့ပေမယ့် ပူပူထိုင်းထိုင်း ဖြစ်နေသလို ပင်။
တကယ်တော့ အဲ့လို ပူစပ်ပူထိုင်းကြီး ဖြစ်နေတာကလည်း ခုနလေးတင် ကျွန်တော် စုံကန်ဆွဲထားသော အကြင် မှုန်ကုပ်ကုပ် နားရွက်ကားကားနှင့်လူသည် မျက်နှာဆီ တချက်လေးသာ အကြည့်ရောက်လာပြီး ဆွဲထားသော အင်္ကျီစကို ကျွန်တော့်လက်တွင်းမှ ဆောင့်ရုန်းကာ ထွက်သွားသောကြောင့်ပင်။
'တောက်!'
အနားမှာ ရှိနေတဲ့ အမှိုက်ပုံးကို အုံးခနဲ မြည်အောင် ဆောင့်ကန်ရင်း ဆွေ့ဆွေ့ခုန်အောင် ဒေါကန်နေမိသည်။
'စကားလေး တစ်ခွန်းလောက် ပြောလိုက်တော့ သူ့ပါးစပ်ပဲ့ပါသွားမှာမို့လို့လား? $ရေးကို မပါတာ'
ကျွန်တော် အသက်ရှင်လာတဲ့ ဒီအရွယ်အထိ ဒီလောက် လက်ပေါက်ကပ်ပြီး ဆက်ဆံရေးညံ့လွန်းတဲ့သူကို ပထမ ဆုံး တွေ့ဖူးတာပင်၊ ထောင်ကျနေတဲ့ လူတိုင်း မရိုင်းပျ၊ ရိုင်းတဲ့လူတိုင်းလည်း ထောင်မကျဘူးဆိုတာမျိုး ဖြစ်နိုင်ပေ မယ့် ဒီလူကတော့ ဒီလိုရိုင်းပျလို့ပဲ ထောင်ကျနေတာလားမသိ။
ကျွန်တော်မသိနိုင်သော တစ်ပါးသူ၏အကြောင်းကို ဝင်တွေးကြည့်ရသည်မှာ ညစ်ပေနေတဲ့ အင်္ကျီတစ်ထည်ကို ခဏဝတ်ကြည့်ရသလိုပင် ယားကျိကျိနှင့် အဆင်မပြေ။
တကယ်တော့ ဒီကိုရောက်တာကိုက နေ့တစ်ဝက် ကျိုးနေပြီ ။ ဧည့်တွေ့ချိန်က သုံးနာရီထိပဲ ရှိတာဆိုတော့ သုံးနာရီထိုးရင် ပြန်ရမှာလား မသိ။ တစ်ယောက်တည်း ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေစဉ်...
'Mr. အဆင်ပြေရဲ့လား? ဘာများ လိုအပ်တာ ရှိပါသလဲ?'
အသံခပ်လေးလေးကြောင့် ခေါင်းမော့ကြည့်လိုက်တော့ ခုနက ကျွန်တော့်ကို လိုက်ရှင်းပြပေးခဲ့သော ထောင်မှုးကြီး ရဲ့ လက်ထောက်ပင်။
'ဟို ကျွန်တော် ဒီမှာ ဘယ်နှစ်နာရီထိ နေလို့ရသလဲ?
'Mr အဆင်ပြေတဲ့အချိန် ပြန်လို့ရပါတယ်၊ ညကိုးနာရီမတိုင်ခင်ပေါ့၊ဘာလို့လဲဆိုတော့ အဲ့အချိန်က ဝန်ထမ်းတွေ Duty Change တဲ့ အချိန်ဆိုတော့ အဲ့အချိန်မတိုင်ခင် ပြန်တာ ပိုအဆင်ပြေပါလိမ့်မယ်'