မျက်ခွံပါးပါးက ဝင်လာသော နေရောင်နုနုကို သူ့ပင်ကိုယ်အသိနဲ့ ခံစားမိနေပြီ။ မျက်ခွံတွေ ဖြေးညင်းစွာ ခတ်လိုက် တော့ ရှေ့တူရှုက မျက်နှာကြက်မှာ အဖြူရောင်စွတ်စွတ်နှင့် ဖြစ်သည်။ နှုတ်ခမ်းတို့ တွန့်ရုံပြုံးလိုက်ပြီး အိမ်က အခန်းထဲမှ မိုးပြာရောင် မျက်နှာကြက်ကို သွားသတိရမိသည်။ ဒီနေ့လည်း ရုံးမှာ နှိုးလာတာပါပဲလား..။
တကယ်တော့ အခုတလော အလုပ်အရမ်းများနေတာမို့ အိမ်မပြန်ဖြစ်ပဲ ရုံးမှာပဲ အိပ်ဖြစ်နေတာ နှစ်ရက်တောင် ရှိခဲ့ ပြီ။ ခါတိုင်းလို လာနှိုးတဲ့လူလဲ မရှိ၊ ကြားနေကြ နှိုးစက်သံလဲ မကြားရပါပဲ ဒီနေ့မနက်ခင်းမှာ သူ့မျက်ဝန်းတွေ အလိုလို နီးပါး ပွင့်လာကြသည်။
ခုတင်ဘေးက မီးအုပ်ဆောင်းတင်ထားတဲ့ ခုံပုပေါ်က ဖုန်းကို ယူလိုက်ပြီး ပို့နေကျ message တစ်ချို့မြန်မြန်ပို့ လိုက်ကာ ရေမြန်မြန်ချိုးဖို့ကို ပြင်ဆင်ရသည်။ ရုံးမှာ အိပ်တဲ့လူက တစ်ခြားသူတွေ မလာခင် အရင်ဆုံး အဆင်သင့် ရောက်နေတယ်ဆိုမှ ပိုကြည့်ကောင်းတော့မပေါ့..။
သူ ရေမိုးချိုး အစအဆုံး ပြင်ဆင်ပြီးချိန်မှာတော့ မနက် ၈ နာရီခွဲချေပြီ။ စားပွဲပေါ်က ဖုန်းကို လှမ်းယူလိုက်ပြီး အခန်းထဲက ထွက်ဖို့ပြင်တော့ အပြင်က တံခါးခေါက်သံ နှစ်ချက်မျှ ကြားရသည်။
တံခါးသွားဖွင့်ပေးလိုက်တော့ မနက်ခင်းစောစော ရောက်လာနေကြ ကိုယ်ရေး အရာရှိ Yang...
'Sir, မနက်စာ စားတော့မလား? အဆင်သင့် ပြင်ထားပြီးပါပြီ'
'ကျေးဇူးပါ Mr.Yang '
အမြဲတာဝန်သိတတ်တဲ့ ကိုယ်ရေး အရာရှိကို ကျေးဇူးတင်စကားပြောလိုက်ရင်း အခန်းထဲမှ ထွက်ကာ ထမင်းစား ခန်းဆီ ခြေလှမ်းတို့ ဦးတည်လိုက်သည်။
ပူပူနွေးနွေး နွားနို့တစ်ခွက်ရယ်၊ ပေါင်မီးကင်နှစ်ချပ်.အပြင် ကြက်အူချောင်းနဲ့ ကြက်ဥကြော်ရယ် စားလေ့ရှိသော မနက်ခင်းတိုင်းက အိမ်ရှိ မနက်ခင်းတွေလို မပြောင်းလဲပါ။ အိမ်မှာ မစားရတော့ ဘာစကားသံမှ မကြားရပဲ တိတ် တိတ်ဆိတ်ဆိတ် စားရတာမျိုးက နည်းနည်း ထူးခြားစေသည်။ ကိုယ်ရေးအရာရှိ ဖြစ်သူကတော့ နောက်ဘက် မလှမ်းမကမ်းမှာ ငြိမ်သက်စွာ ရပ်ရင်း စောင့်ပေးနေပါလိမ့်မည်။