Unicode Version
Tee's POV
P Tae သူငယ်ချင်းတွေနဲ့ မနက်စာစားဖို့ နှစ်ယောက်တူတူ ဟိုတယ် ကနေ ထွက်လာခဲ့ပေမယ့် အိပ်ယာနိုးကတည်းက ပီ့မျက်နှာကို တစ်စက္ကန့် ပြည့်အောင်တောင် စေ့စေ့မကြည့်ရသေးပါ။ ညကလည်း ပီ ကုတင်ပေါ် လာအိပ်ပုံမပေါ်ဘူး။ ကျွန်တော်နိုးလာတော့ သူ့စကားအတိုင်း ဆိုဖာပေါ်မှာ စောင်တစ်ထည်နဲ့ ခေါင်းအုံး တစ်လုံးနဲ့ အိပ်မောကျနေသည်။ ပီ့ အရပ်ကြီးက ကလန့်ကလားနဲ့မို့ ဆိုဖာတိုတို ပေါ်မှာ ကွေးကွေးလေး အိပ်နေတာတွေ့ရတော့ အားလည်း နာ စိတ်လည်း မကောင်းဖြစ်ရသေးသည်။ တစ်ညလုံး တော် တော် မသက်မသာ ဖြစ်နေမှာပဲ။
အိပ်ပျော်နေတဲ့ သူ့ မျက်နှာကို မြင်လိုက်တာနဲ့ ညက အဖြစ်အပျက်တွေ တစ်ခုချင်းစီ တန်းစီပြီး ပေါ်လာတော့ ကိုယ့်နှုတ်ခမ်းကို လက်နဲ့ စမ်းမိသည်။ ကျွန်တော့် ပါးပေါ်က ပီ့လက်နွေးနွေးတွေရဲ့ အထိအတွေ့ ပြီးတော့ ဝိုင်ချိုချို အရသာထွက်နေတဲ့ ပီ့ နှုတ်ခမ်းတွေအောက်မှာ ရုန်းဖို့တောင်မေ့နေခဲ့တဲ့ ကျွန်တော်။ မရုန်းမိတာက P Tae က ရုတ်တရက်ကြီး လာနမ်းလို့လို့ ဆင်ခြေပေးလို့ ရပေမယ့် သူ့အနမ်းတွေကို ပြန် တုန့်ပြန်ခဲ့မိတဲ့ ကျွန်တော့်လုပ်ရပ်အတွက် ပေးစရာ ဆင်ခြေ ကို စဉ်းစားလို့ မရတာတော့ အမှန်ပါ။ ပီ ဘာကြောင့်များ ကျွန်တော့်ကို နမ်းခဲ့တာလဲ။ မူးပြီး သတိပဲ မကပ်တော့လို့လား။
တွေးရင်းတွေးရင်းပူစပ်စပ်ဖြစ်လာပြီး မာရသွန် ပြေးထားရသလို ရင်တွေ တဒိတ်ဒိတ်ခုန်လာတာမို့ ပုန်ကန်နေတဲ့ နှလုံးသားပေါ်ကို လက်နဲ့ အသာဖိပြီး ပီ့နားကနေ မြန်မြန်ထွက်လာခဲ့လိုက်သည်။ P နိုးလာတော့လည်း သူပြောလာသမျှ စကားကို တိုတိုတုပ်တုပ်ပဲ ပြန်ဖြေဖြစ်ပြီး ညက ကိစ္စပြောမယ့်ပုံ ပေါ်လာရင် အကြောင်းအမျိုးမျိုးပြပြီး ပီ့နားကနေ ထွက်ပြေးမိတော့တာ ခုချိန်ထိပဲ။
အခု က P Tae သူငယ်ချင်းတွေနဲ့ မြို့ထဲမှာ breakfast စားရအောင်တူတူထွက်လာခဲ့ကြတာ။ ဆိုင်ကိုရောက်တော့ P Godt ရယ် P Kim ရယ် ပြီးတော့ တစ်ခါ မှ မတွေ့ဖူးသေးတဲ့ လူနှစ်ယောက်ရယ် အမျိုးသမီးတစ်ယောက်ရယ် ရယ်ရယ်မောမော စကားတွေ ပြောနေကြတယ်။
