ကံကြမ္မာ ဖန်အိပ်မက် ...
အခန်း(၁၅)
သတင်းစာထဲတွင်ပါလာသော ရန်ပြေငြိမ်း၏အကြောင်းနှင့် ပုံကိုကြည့်ကာ လက်ျာ သက်ပြင်းငွေ့ငွေချမိသည် ။ ပထမက ရန်ပြေငြိမ်းက လက်ျာကိုထားသွား၍ စိတ်ဆိုးမိသော်လည်း ကြာကြာစိတ်မဆိုးနိုင် ။ လက်ျာအပေါ်ထားသော ရန်ပြေငြိမ်း၏စိတ်ကိုသိသောကြောင့် အနီးသို့သွားရန် မကြိုးစားတော့ပဲ ဝေးဝေးတွင်ပင်နေကာ ရန်ပြေငြိမ်းကို စောင့်ကြည့်နေခဲ့သည် ။ တစ်နှစ်ခွဲဟူသော အချိန်ကာလအတွင်း ရန်ပြေငြိမ်း၏သဘင်သည် နာမည်ကြီးသဘင်ဖြစ်လာခဲ့သည် ။ ရန်ပြေငြိမ်းနှင့်အတူ ခင်နှောင်းသည်လည်း နာမည်ကြီးအငြိမ့်မင်းသမီးဖြစ်လာသည် ။ လက်ျာအစား အခြားမင်းသားသုံးယောက်ကိုလဲ ခေါ်ထားနေနိုင်ပြီဖြစ်သည် ။ ခင်ဇော်နှင့်နေဇော်အပါအဝင် လူရွှင်တော် ခြောက်ယောက်ခန့်လဲ ရှိနေပြီဖြစ်သည် ။
လက်ျာ သတင်းစာကို စိတ်ဝင်တစားဖတ်နေစဉ်မှာပင်
" အစ်ကို .... ကျွန်တော်တို့ရောသွားကြတော့မလား "
ဟူသော မေးခွန်းနှင့်အတူ သန်းလင်းက အပေါက်ဝတွင်ပေါ်လာသဖြင့် လက်ျာ သတင်းစာကိုခေါက်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည် ။
🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀
ရန်ကုန်မြေပေါ်သို့ ခြေချမိသည်နှင့် ရန်ပြေငြိမ်းနှင့်တစ်မိုးအောက်ထဲတွင် အတူရှိနေသည်ဟူသောအတွေးက တစ်နှစ်ခွဲလုံးလုံး ရေခဲရိုက်ထားသကဲ့သို့ အေးစက်မာကျောနေသော လက်ျာ၏နှလုံးသားကို တစ်ဖန်ပြန်လည်နွေးထွေးလာစေသည် ။
တစ်မြို့ထဲတွင် အတူရှိနေခြင်းကြောင့် အချိန်မရွေး ရန်ပြေငြိမ်းနှင့် တွေ့နိုင်သည် ။ မလို၍စွန့်သွားသူကို နောက်တစ်ခေါက်ထပ်မတွေ့လို ။ ရန်ပြေငြိမ်းလဲ ထိုကဲ့သို့ပင်ဖြစ်မည်ထင်သည် ။ ထို့ကြောင့် ရန်ကုန်တွင်ရှိနေသမျှကာလပတ်လုံး ရန်ပြေငြိမ်းနှင့် မတွေ့စေရန် သတိထား၍နေမည်ဟု စိတ်ဆုံးဖြတ်လိုက်သည် ။
🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀
ရန်ပြေငြိမ်း ထားသွားပြီးနောက် လက်ျာ မကဖြစ်တော့ ။ အဖိုးနှင့်အဖွားကို နှုတ်ဆက်ကာ မန္တလေးသို့ ပြန်ခဲ့သည် ။ မန္တလေးသို့ပြန်ရောက်သည်နှင့် ဒဏ်ရာရနေသောငှက်ငယ်ကဲ့သို့ ဖေဖေ့အိမ်ဆီ တန်းပြန်လာခဲ့သည် ။ ဖေဖေက ထွက်သွားစဉ်က မတားခဲ့သလို ပြန်ရောက်လာသောအခါတွင်လည်း နွေးထွေးစွာကြိုဆိုသည် ။
YOU ARE READING
ကံကြမ္မာ ဖန်အိပ်မက် / ကံကွမ်မာ ဖနျအိပျမကျ (17)
Historical Fictionကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။ ကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။